မြိတ် ၂၈  မတ် 

 

COVID-19 ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် အတွင်းသို့ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများ ကျန်းမာရေးစစ်ဆေးရန်နေရာနှင့် နိုင်ငံခြားသား လာရောက်မှုကို စောင့်ကြည့်ရန်ကန့်သတ်ပြီး ကျွန်းများသို့ အပန်းဖြေခရီးသွားလာလည်ပတ်မှုကို မတ်လ(၂၈)ရက်မှ စတင်ကာ ရပ်နားလိုက်ကြောင်း မြိတ်ခရိုင် Covid 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ သိရသည်။

 

9

 

နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများကို မြိတ်မြို့ မြိတ်တောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန တွင် သွားရောက် ကျန်းမာရေးစစ်ဆေးခံရန်နှင့်  ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ၊ မြိတ်ခရိုင်အတွင်း လာရောက်သည့် နိုင်ငံခြားသားများအား ယနေ့မှ စတင်ကာ (၁၄)ရက် စောင့်ကြည့်ခံပြီးမှ ၄င်းတို့သွားရောက်လိုသော နေရာသို့ သွားခွင့်ပြုရန်၊ မြိတ်ခရိုင် အတွင်းရှိကျွန်းများသို့ ကျွန်းအပန်းဖြေခရီး လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားလာလည်ပတ်မှုကို မတ်လ(၂၈)ရက်မှ စတင်ပိတ်သိမ်းလိုက်ကြောင်း မြိတ်ခရိုင် Covid 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ မြိတ်ခရိုင်အထွေထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ မတ်လ(၂၇)ရက် ညနေ(၅) နာရီတွင် ကျင်းပသည့် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ 

 

မြိတ်ခရိုင်တွင် COVID-19 ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး နေ့စဉ် ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ စစ်ဆေးရေးဂိတ်များနှင့် လူသွားလူလာများသောနေရာတွင် လက်ဆေးရေစင်ထားရှိကာ လက်ဆေးရန် ပညာပေး ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအား ပြည်သူ့ကျန်းမာရေး ဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူလူထုအတွင်း ကျန်းမာရေးစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ  မြိတ် ခရိုင် Covid 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ  ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်ဆွေးနွေးလျက်ရှိပြီး   သက်ဆိုင်ရာ ဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)