မြိတ်ကျွန်းစုဒေသထွက် ဒူးရင်းသီးအထွက်များသော်လည်း ဝယ်ယူသူနည်းပါး၍ ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်း

မြိတ် ၁၉ မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်ကျွန်းစုဒေသထွက် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီးများသည် ယခုနှစ်တွင် အထွက်များသော်လည်း ဝယ်ယူသူနည်းပါး၍ ဒူးရင်းသီး ဈေးနှုန်းများ ထက်ဝက်ကျဆင်းနေကြောင်း မြိတ်ကမ်းနားလမ်းရှိ ဒူးရင်းသီးရောင်းချနေသူများ ထံမှသိရသည်။

 

"ပြီးခဲ့တဲ့နှစ်က တစ်လုံး(၃၀၀၀)ကျပ်တန်က ယခု(၁၅၀၀)ကျပ်၊ အရင်က(၁၀၀၀)ကျပ်တန်က အခု(၅၀၀)ကျပ်နဲ့(၅)လုံး(၂၀၀၀)ကျပ်ရှိတယ်။ ပြီးခဲ့တဲ့နှစ် ဒူးရင်းသီးတစ်နေ့ရောင်းရတဲ့ အလုံးရေထက် ယခုနှစ်မှာ ထက်ဝက်ခန့်ကျဆင်းသွားပါတယ်။ အရင်ကအလုံး(၁၀၀)က အခုအလုံးရေ(၅၀)ပဲရောင်းရတယ်။ ရောင်းအားတစ်ဝက်နည်းသွားတယ်။ ရန်ကုန်ဘက်ခြမ်းကို ခရီးသွားကားမရှိဘူး။ ကိုဗစ် ကာလလည်းဖြစ်နေတဲ့အတွက် မြို့တွင်းက အရင်လာစားတဲ့သူတွေတောင် မလာကြဘူး။ ဒီနှစ်လိုမျိုး ဒူးရင်းသီးရောင်းမကောင်းတာ တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒူးရင်းသီးဈေးသင့်နေတာတောင် ဝယ်စားတဲ့သူနည်းတယ်။ မြိတ်သူမြိတ်သားလောက်ပဲ ရှိပါတယ်။ လူတွေကလည်း အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်းမရှိတော့ အရင်နှစ်ကလောက် လာမဝယ်စားတော့ဘူး။ နယ်ဘက်က ဘုရားဖူးကားတွေ့နဲ့ ခရီးသွားဧည့်သည့်တွေလည်း မလာတော့ ရန်ကုန်ကလည်း မှာယူသူလည်းမရှိဘူး၊ အရင်ကတော့ မှာယူမှုတွေရှိပါတယ်" ဟု (၁၀)နှစ်ကျော်ခန့် ဒူးရင်းသီးရောင်းချနေသူ ဒေါ်ခင်ရီ ကပြောသည်။

 

ယင်းမြိတ်ကျွန်းစုဒေသထွက် ရာသီပေါ်ဒူးရင်းသီးများမှာ ဧပြီလမှ သြဂုတ်လအထိ ထွက်ရှိပြီး၊ ယခင်နှစ်တွေထက် ယခုနှစ် အထွက်များလာသော်လည်း ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလာသူများ၊ လမ်းသွားလမ်းလာသူများနှင့် ဈေးဝယ်သူများ အပြင်ထွက်သူ နည်းပါးလာခြင်းတို့ကြောင့် လာရောက်ဝယ်ယူသူနည်းလာသည့်အတွက် ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းနေရကြောင်း သိရသည်။

 

"ဒူးရင်းသီးတွေကတော့ မနှစ်ကထက် ဒီနှစ် အထွက်ပိုများတယ်။ အထွက်များ‌လို့ဈေးနည်းတာတော့ မဟုတ်ဘူး။ လာဝယ်သူ နည်းလာလို့ ဈေးချပြီးရောင်းနေရတယ်။ ဒါတောင် မနှစ်ကထက် ဒီနှစ် ဝယ်သူ သိသိသာသာ နည်းသွားသလို ဈေးနှုန်းလည်း ထက်ဝက်လောက် ကျသွားပါတယ်။။ ယခင်နှစ်တွေဆိုရင် ဒီအချိန် ဒီနားမှာ ရောင်းသူနဲ့ ဝယ်သူ စည်ကားနေတယ်။

 

ကျွန်မတို့ ဒေသက ရေလုပ်ငန်းနဲ့ ဥယျာဉ်ခြံ အများဆုံးလုပ်ကြတယ်။ ဒီနှစ်က မနှစ်ကထက် သီးနှံတွေ ပိုများတယ်။ ကိုဗစ် ရောဂါ‌ကြောင့် လူသွားလူလာ နည်းသွားတယ်။ နောက်ပြီး ခရီးသွားဧည့်သည်တွေလည်း မရှိဘူး။ ဒါကြောင့် ရတဲ့ဈေးနဲ့ပဲ့ ရောင်းချပေးနေရတယ်။ ပုတ်သွားရင် အရင်းတောင်မရဖြစ်သွားမယ်လို့" ဆိပ်ငယ်ဈေးကြီးအနီးတွင် အနှစ်လေးဆယ်ကျော် ရာသီပေါ်သီးနှံရောင်းချလာသူ ဒေါ်ခင်မော်ကပြောသည်။

 

အဆိုပါ ဒူးရင်းသီးတစ်လုံးလျှင် ယခင်နှစ်တွေက အငယ် (၁၀၀၀) ကျပ်မှ အကြီး (၅၀၀၀)အထိအရှိသော်လည်း ယခုနှစ် ဒူးရင်းသီးအငယ် တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဒူးရင်းသီးအကြီး တစ်လုံးလျှင် ( ၂၀၀၀)ကျပ်မှ (၂၅၀၀)ဖြင့်လည်းကောင်း ရောင်းချနေရသောကြောင့် ယခင်နှစ်၌ ယခုအချိန်ဆိုလျှင် (၁၅)သိန်းအထိ ရောင်းချနေရသော်လည်း ယခုနှစ် ယနေ့အချိန်ထိ (၅)သိန်းခန့်သာရောင်းချနိုင်သေးကြောင်း ဒူးရင်းသီးရောင်းဝယ်သူ ဒေါ်ခင်မော် ထံမှသိရသည်။

 

မြင့်ဉီး(မြိတ်)