မြိတ် ၁၅ မေ

 

ကိုဗစ် - ၁၉ ကူးစက်ရောဂါကာလတွင်း ရန်ကုန်ရှိကုန်စည်ဒိုင်ပွဲရုံများ ပိတ်ထားခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ရာသီပေါ်တညင်းသီးများ ဈေးကွက်အတွင်း အဝယ်ရပ်တန့်နေသည့်အတွက် အရှုံးပေါ် နေကြောင်း တညင်းသီးအရောင်အဝယ် လုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

 

မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော တညင်းသီးများကို နှစ်စဉ် ရန်ကုန်ရှိပွဲရုံများသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး၊ ယခင်နှစ်က တညင်းသီးရာသီ ပေါ်ချိန်၌ ဈေးကွက်အတွင်း အလုံးအကြီးအသေးပေါ်မူတည်၍ အလုံးရေ (၂၅၀ဝ) မှ (၃၀ဝဝ) ပါ တစ်အိတ်လျှင် ငွေကျပ် (၆၀ဝဝဝ) ကျော်မှ ငွေကျပ် (၁၀ဝဝဝဝ) နီးပါးအထိ ဈေးကောင်း ရရှိခဲ့သော်လည်း၊ ယခုနှစ်တွင် တစ်အိတ်လျှင် ငွေကျပ် (၂၀ဝဝဝ) မှ (၂၅ဝဝဝ)ကျပ် အထိသာ ရရှိကြောင်း သိရသည်။

 

"ဒီနှစ်က တညင်းသီးတွေ အတော်ထွက်ပေမယ့် ကိုဗစ်-၁၉ ကြောင့် ဈေးတွေကျနေသလို အရောင်းအဝယ်လုပ်တဲ့ ဒိုင်တွေလည်း အရှုံးပေါ်နေကြပါတယ်" ဟု မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ တညင်းသီး အရောင်းအဝယ်ဒိုင်မှ ဒေါ်မြင့် က ပြောပြသည်။

 

"ဈေးကွက်အတွင်းမှာ တညင်းသီးက ဒီနှစ်က တစ်ခါမှမကြုံဖူးတဲ့ ဈေးတွေကျဆင်းနေတာပါ။ ခြံရှင်တွေတောင် ဈေးမကောင်းလို့ ကောက်ရောင်းဖို့အတွက် တင်ခ၊ချခ အလုပ်သမားစရိတ်တွေ အခက်အခဲဖြစ်နေကြတယ်" ဟု ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာနေ ဒေါ်စန်းဝေက ပြောသည်။

 

မြိတ်ခရိုင်တွင် မြို့နယ်လေးမြို့နယ်ရှိသည့်အနက် ကျွန်းစုမြို့နယ်သည် တညင်းသီးအများဆုံးထွက်ရှိပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကတ္တလူ၊ မရမ်းချောင်း၊ ထိန်ချောင်း၊ ကဘင်းချောင်း၊ ကမ်းကြီး၊ တလာပိုင်း စသည့်ကျေးရွာများတွင် တညင်းသီး အများဆုံးထွက်ရှိကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ရန်ကုန်ပွဲရုံများ ပိတ်ထားရာ အရောင်း အဝယ်များ ရပ်တန့်နေသည့် အတွက် ယခုကဲ့သို့ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် တညင်းသီးခြံ လုပ်ငန်းရှင်များအနေဖြင့် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

 

မြင့်ဉီး(မြိတ်)