မြိတ်မြို့  အသွားအလာများသည့် နေရာ လေးနေရာတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာခွင့်မပြု 

မြိတ် ၉ မေ    

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက်ပိုင်းက အသွားအလာများသည့် နေရာ လေးနေရာတွင် နှာခေါင်းစည်း မတပ်ဆင်ထားသူများကို စစ်ဆေးရေးအဖွဲ့များက သွားလာခွင့်မပြုဘဲ ပညာပေး၍ လှည့်ပြန်စေကာ နှာခေါင်းစည်း ပြန်လည်တပ်ဆင်စေလျက်ရှိသည်။

 

“ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ထိန်းချုပ်ရေးအတွက်ကို ထပ်ပြီးအဆင့်မြှင့်တင် ဆောင်ရွက်တာဖြစ်ပါတယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတာရှိပါတယ်။ အပြင်ထွက်ရင် ကိုယ်စီကိုယ်စီ နှာခေါင်းစည်းတပ်ဖို့ ထုတ်ပြန်ထားတာရှိပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထုတစ်ချို့က လိုက်နာမှုရှိသလို တစ်ချို့က လိုက်နာမှုအားနည်းတာတွေ ရှိတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတပ်ဖို့အတွက်ကို အဓိကထားပြီး ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က ပြောသည်။

 

မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ၌ လမ်းသွားလမ်းလာများအား နှာခေါင်းစည်း တပ်ဆင်သွားလာရန် ပညာပေး ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ပြည်သူတစ်ချို့မှ လိုက်နာမှုအားနည်းလျက်ရှိရာ ယမန်နေ့က နှာခေါင်းစည်း မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသူများကို ပညာပေး၍ နှာခေါင်းစည်းများ ဝေငှပေးခဲ့သည်။ ယနေ့တွင် နှာခေါင်းစည်း မတပ်ပါက သွားလာခွင့်မပြုတော့ဘဲ ပညာပေး၍ လှည့်ပြန်စေကာ နှာခေါင်းစည်းများ ပြန်လည် တပ်ဆင်စေခဲ့ကြသည်။

 

mdn

 

နှာခေါင်းစည်းမတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသူများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ ဗိုလ်ချုပ်ကြေးရုပ် အရှေ့လမ်းဆုံ၊ ကမ်းနားလမ်း ကဏန်းရုပ်လမ်းဆုံ၊ နာရီစင်လမ်းဆုံ၊  စန်းသီရိလမ်းဆုံတို့တွင်  စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မေ (၁၀) ရက်မှ စတင်ကာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်သူများကို ဒဏ်ငွေကျပ် (၅၀၀၀) သတ်မှတ်ပြီး  ဒဏ်ငွေ (၅၀၀၀) နဲ့ညီမျှတဲ့ နှာခေါင်းစည်းများကို  ပေးအပ်သွားမည်ဖြစ်ကာ စစ်ဆေးရေးအဖွဲ့မှ မိုဘိုင်းစနစ်ဖြင့် လှည့်လည်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

   

ခိုင်ထူး ( မြိတ် ပြန်/ဆက် )