မြိတ် ၉ မေ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြိတ်မြို့ရှိ ပြည်သူလူထုအားလုံး အပြင်ထွက်ပါက နှာခေါင်း စည်းတပ်ဆင်သွားလာကြစေရန်အတွက် မေလ(၉)ရက် နံနက်ပိုင်း၌ အသွားအလာများသည့် နေရာ (၄)နေရာတွင် နှာခေါင်းစည်း မတပ်ဆင်ထားသူများကို စစ်ဆေးရေးအဖွဲ့များက သွားလာခွင့်မပြုဘဲ ပညာပေး၍ လှည့်ပြန်စေ ကာ နှာခေါင်းစည်း ပြန်လှည့်၍ တပ်ဆင်စေလျက်ရှိသည်။
“ ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ထိန်းချုပ်ရေးအတွက်ကို ထပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတာရှိပါတယ်။ အပြင်ထွက်လို့ ရှိရင် ကိုယ်စီကိုယ်စီ နှာခေါင်းစည်းတပ်ဖို့ ထုတ်ပြန်ထားတာရှိပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထု တစ်ချို့က လိုက်နာမှုရှိသလို တစ်ချို့က လိုက်နာမှုအားနည်းတာတွေ ရှိတဲ့အတွက်ကြောင့် ပြည်သူလူထု အနေနဲ့ အပြင်ထွက်တဲ့အခါမှာ အားလုံးနှာခေါင်းစည်းတပ်ဖို့အတွက်ကို အဓိကထားပြီး ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလ၌ လမ်းသွားလမ်းလာများအား နှာခေါင်းစည်း တပ်ဆင်သွားလာရန် ပညာပေးခြင်း၊ ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ပြည်သူတစ်ချို့မှ လိုက်နာမှုအားနည်းလျက်ရှိရာ ယမန်နေ့က နှာခေါင်းစည်း မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသူများကို ပညာပေး၍ နှာခေါင်းစည်းများ ဝေငှပေးခဲ့ပြီး ယနေ့တွင် သွားလာခွင့် မပြုတော့ဘဲ ပညာပေး၍ လှည့်ပြန်စေကာ နှာခေါင်းစည်းများ ပြန်လှည့်၍ တပ်ဆင် စေခဲ့ကြသည်။
နှာခေါင်းစည်းမတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသူများကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ ဗိုလ်ချုပ်ကြေးရုပ်အရှေ့လမ်းဆုံ၊ ကမ်းနားလမ်း ကဏန်းရုပ်လမ်းဆုံ၊ နာရီစင်လမ်းဆုံ၊ စန်းသီရိ လမ်းဆုံတို့တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြသည်။ မေလ(၁၀)ရက်နေ့မှ စတင်ကာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း အပြင်ထွက်ပါက နှာခေါင်းစည်းမတပ်တဲ့သူများကို ဒဏ်ငွေကျပ် (၅၀ဝ၀) သတ်မှတ်ပြီး ဒဏ်ငွေ (၅၀ဝ၀) နဲ့ညီမျှတဲ့ နှာခေါင်းစည်းများကို ပေးအပ်သွားမည် ဖြစ်ကာ စစ်ဆေးရေးအဖွဲ့မှ မိုဘိုင်းစနစ်ဖြင့် လှည့်လည်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


