မြိတ် ၁၁ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ အဏ္ဏဝါ မူလတန်းလွန် ကျောင်းနံဘေးလမ်း၌ (၁၀)နှစ်ကျော် လမ်းဘေးတွင်ရောင်းချလျက်ရှိသော ယာယီပျံကျ ဈေးသည်များ အတွက် စည်ပင်သာယာရေး အဖွဲ့မှ ကျပ်(၃၉၃)သိန်းဖြင့် ပျံကျဈေးရုံအသစ် (၂)ရုံ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပျံကျဈေးရုံ အသစ်(၂)ရုံကို ကျွဲကူးကျေးရွာ ချမ်းမြေ့သာရီရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြေတွင် အလျားပေ (၁၂၀) ၊ အနံ(၁၈)ပေ၊ အမြင့်(၁၄)ပေရှိ Hollow သံဖရိန် ၊ ကွန်ကရစ်ခင်း၊ သွပ်မိုး ပျံကျဈေးရုံ အသစ်(၂) ရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဇွန်လ၌ စတင်တည်ဆောက်သွား ပေးမည်ဖြစ်ပြီး စက်တင်ဘာလအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်မှ သိရသည်။
“ ကျောင်းနံဘေးမှာ လမ်းဘေးပျံကျဈေးကို လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကတည်းက ရောင်းနေတာပါ။ ပျံကျ ဈေးသည် များအတွက် နေရာသတ်သတ်မှတ်မှတ် ချပေးဖို့နဲ့ ရွာမှစီမံခန့်ခွဲလို့ရတဲ့ ဈေးတစ်ခု ဆောင်ရွက်ပေးဖို့ တိုင်းဒေသကြီး အစိုးရကို တင်ပြခဲ့တာ စည်ပင်ပိုင်မြေမှာ အခုဈေးဆောက်ဖို့ အစီအစဉ် လုပ်နေပါတယ်။ ပျံကျဈေးသည်က (၁၀ဝ)ဝန်းကျင်ရှိပါတယ်။ အခုလိုဈေးသစ် တည်ဆောက်ပေးမှာကို ရွာကကျေးဇူးတင်နေကြပါတယ်။ အရင်က သတ်သတ်မှတ်မှတ်မဟုတ်တော့ နောက်ပြီး ဈေးမှရတဲ့ အခွန်အ ခတွေကိုလည်း ဒေသဖွံ့ဖြိုးရေးကိုပြန်လုပ်ပေးတော့ ဒေသခံ ကျေးရွာသူ/ သားများက ဝမ်းသာနေကြပါတယ်” ဟု စန္ဒဝတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။
ယာယီပျံကျဈေးသည်များအတွက် တည်ဆောက်ပေးမည့် ပျံကျဈေးရုံအသစ်(၂)ရုံ၌ (၄)ပေ(၉)ပေ အကျယ် ဆိုင်ခန်းပေါင်း(၁၂၀)ခန့် ရရှိမည်ဖြစ်ပြီး ဈေးတည်ဆောက်ပြီးပါက အဆိုပါဆိုင်ခန်းများတွင် ပျံကျဈေးသည်များအား စည်ပင်သာယာရေး ကော်မတီမှ အခမဲ့ နေရာချထားပေးသွား မည်ဖြစ်ကြောင်း၊ ပျံကျဈေးရုံ(၂)ရုံ တည် ဆောက်ရာတွင် ဈေးသူဈေးသားများအတွက် စည်ပင်သာယာရေးအဖွဲ့မှ လေးခန်းတွဲ အိမ်သာနှင့် အမှိုက်ကန်တို့ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


