မြိတ်မြို့ ကဏန်းမဲတင်ပို့ရောင်းချမှု ဈေးကွက်တွင် ပစ္စည်းအဝင်များသော်လည်း ဈေးကောင်းမရ

မြိတ်  ၉ ဇူလိုင်  


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကဏန်းမဲ တင်ပို့ရောင်းချမှုဈေးကွက်တွင် ပစ္စည်းအဝင်များသော်လည်း မိုးရာသီဖြစ်၍ တရုတ်နိုင်ငံဈေးကွက်ဝယ်ယူမှု မရှိသောကြောင့် ထိုင်းဈေးကွက်တစ်ခုသာ တင်ပို့ရောင်းချနေရသဖြင့် ဈေးကွက်တွင် ဈေးကောင်းမရ၍  သိပ်အဆင်မပြေကြကြောင်း ကဏန်းမဲတင်ပို့ရောင်းချသူများထံမှ သိရသည်။

 

1

 


ကဏန်းမဲ ဈေးကွက်အနေနဲ့ (၃၀ဝ)ဂရမ်အထက်ကို ယခင်က(၂၉၀ဝ၀)ကျပ်၊ ယခု(၂၅၀ဝ၀)ကျပ်၊ (၂၀ဝ)ဂရမ်အထက်ကို ယခင်က (၂၁၀ဝ၀) ကျပ်၊ ယခု(၁၆၀ဝ၀)ကျပ်၊ (၂၀ဝ)ဂရမ်အောက်ကို ယခင်က(၁၉၀ဝ၀) ကျပ်၊ ယခု(၁၃၀ဝ၀)ကျပ် ဝန်းကျင်ခန့်၊ (၁၀ဝ)ဂရမ်အောက်ကို (၇၅၀ဝ) ကျပ် ဝန်းကျင်ခန့်ရှိသည်။


“တရုတ်ဈေးကွက်တွင် အကြီးဆိုဒ်တွေက ၂၈၀ဝ၀ ကျပ်ခန့်ရှိပြီး အငယ်ဆိုဒ်တွေက ကျပ် ၁၀ဝ၀ဝ ကျော် ရပါတယ်။ တရုတ်ကမဝယ်တော့ ထိုင်းဈေးကွက်မှာ ဒီဈေးမပေးဘူး။ မြိတ်ပေါက်ဈေးအနေနဲ့ တရုတ်ဝယ် တုန်းက ဂရမ်(၃၀ဝ)ကျော်ကို (၂၈၀ဝ၀)ကျပ်ကျော်ရတယ်။ ထိုင်းမှာ (၂၆၀ဝ၀) ကျပ်ခန့်ပဲရတယ်။ ဈေးကွက် မတူဘူး။ တရုတ်က (၁၀ဝ)ဂရမ်ကစ အပေါ်ဆိုဒ်အကုန်ယူတယ်။ ဈေးကောင်းတယ်။ ထိုင်းက ဆိုဒ်အလိုက် ပဲယူတယ်။


တရုတ်က ပြီးခဲ့သည့်နှစ်တွင် (၃၀ဝ)ဂရမ်အထက် နံပါတ်(၁)ဆိုဒ်ကို (၂၈၀ဝ၀)ကျော်၊ (၂၀ဝ)ဂရမ်အထက် နံပါတ်(၂)ကို(၂၁၀ဝ၀)ထိရှိတယ်။ (၁၀ဝ)ဂရမ်အထက်ကို (၁၇၀ဝ၀)ထိဝယ်တယ်။ ထိုင်း၌ ဂရမ်(၁၀ဝ) ကျော်ကို(၁၁၀ဝ၀)ထိပဲရတယ်။ တရုတ်ကအဝယ်ရပ်နားတာ(၄)လလောက်ရှိပြီ။ အခုတရုတ်မပို့၍ ထိုင်းတစ်ခုတည်းဆိုတော့ ထိုင်းကပစ္စည်း အဝင်များပြီး သူတို့မနိုင်၍ ဈေးလျှော့ချတယ်”ဟု ကဏန်းမဲအဝယ်ဒိုင်  ဦးအေးလွင် က ပြောသည်။


လက်ရှိဈေးကွက်အခြေအနေတွင်  ဈေးကောင်းမရခြင်းပဲရှိကာ အခက်အခဲမရှိဘဲ အဆင်ပြေကြောင်း၊ တနင်္သာရီမှာရေကြီးမှာကိုပဲ အမြဲတမ်းစုံစမ်းနေရကြောင်း၊ တနင်္သာရီရေကြီးပါက မြိတ်-ကော့သောင်းလမ်းနှင့် မြိတ်-မောတောင်လမ်းကို သွားလို့မရကြောင်း၊ ယခင်နှစ်က တနင်္သာရီမှာရေကြီး၍ ကုန်သည်များ အရှုံးပေါ်ကြကြောင်း၊  နွေရာသီဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ အကုန်အဆင်ပြေပြီး မိုးရာသီဆိုရင် ရေကြီးမှုကို စုံစမ်းနေကြရကြောင်း သိရသည်။  


“မိုးတွင်းကျတော့ ထိုင်းဈေးကွက်တစ်ခုပဲ ရောင်းနေရတော့ အရောင်းအဝယ်ပါးပါတယ်။ နွေရာသီကျတော့ တရုတ်ဈေးကွက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ထိုင်းဈေးကွက်က ဈေးမကစားတော့ ရေရှည်မှာ ကောင်းပါတယ်။ ကဏန်းဖမ်းဆီးတာ ဂရမ်(၆၀) (၇၀)တို့ဖမ်းဆီးလာကြတော့ ရေရှည်မှာ မျိုးတုန်းတဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။ အဲဒါကို ဆင်ခြင်ပြီးဝယ်ကြရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။ ဂရမ် (၅၀) (၆၀)ကိုလည်း ဖမ်းလာကြတော့ နောက်ဆို ရှားလာမှာပါ။ တစ်နှစ်ထက်တစ်နှစ်လည်း ရှားလာပါပြီ။ ယခင်က ဒီရာသီဆို ဗန်း(၅၀)ကျော် နေ့တိုင်းတက်ပြီး ယခုကျတော့(၃၀)ခန့်ပဲရတော့ ရှားလာပါပြီ” ဟု ကဏန်းမဲ အဝယ်ဒိုင် ဦးခိုင်လင်း က ပြောသည်။


မြိတ်မြို့တွင် ကဏန်းမဲ အဝယ်ဒိုင်ကြီး(၄)ဒိုင်နှင့် ဒိုင်ငယ်(၁၀)ကျော်ရှိပြီး ကဏန်းမဲများကို မြိတ်၊ ကျွန်းစု၊ ပင်လယ်ပိုင်းနှင့် ကြိမ်နီတောင်၊ ကြိမ်မဲတောင် ကော့သောင်းဘက်မှလည်း လာရောက်ရောင်းချလျက် ရှိကြသည်။ နွေရာသီတွင် တရုတ်ဈေးကွက်၊ ထိုင်းဈေးကွက်ရှိ၍ ဈေးကောင်းရရှိပြီး မိုးရာသီတွင် တရုတ်ဈေး ကွက်အဝယ်ရပ်ဆိုင်းသဖြင့် ထိုင်းဈေးကွက်သာပို့ရသောကြောင့် ဈေးကောင်းမရကြောင်း သိရသည်။


ခိုင်ထူး (မြိတ်ပြန်/ဆက်)