နေပြည်တော် မတ် ၃၀
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ် ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မော်တောင်ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ အဆိုပါစာသင်တိုက်ရှိ သံဃာတော် အပါး ၆၀ နှင့် သာသနာ့နွယ်ဝင် သီလရှင် ၁၅ ပါးတို့အား အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အရေပြား ရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


