မြိတ်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကလောမြို့နယ်၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၅ 

မြိတ်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကလောမြို့နယ်၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲတွင် မြိတ်မြို့၊ မြို့မ (၁) ရပ်ကွက်တွင် မရီချို (ခ) လာမဇန်းမီ၊ ဇင်မင်းအောင် (ခ) ငယ်ငယ်နှင့် မအိဖြိုးဝေ (ခ) ကောင်မငယ်တို့အား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊  အလားတူ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဈေးတွင် ထွန်းထွန်းဖြိုး (ခ) ကိုဖြိုးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊  ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလော မြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ အောင်ပန်း - ရွှေညောင်သွား ရထားလမ်းအနီးတွင် မထွေးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဝမ်နွဲ့ကျေးရွာအနီးတွင် ယောလှအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ခ) တွင် ထွန်းကျော်အောင် (ခ) မွှေးနီ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်