မြိတ် ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ဦးမင်းဇော် (ဘ)ဦးဆိုင် ပိုင်ဆိုင်သည့် အလျား ပေ ၃၀၊ အနံ ပေ ၅၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း သုံးထပ်အဆောက်အအုံတွင် ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၅၀ က ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြိတ်တပ်နယ်မှ တပ်မတော်သားများက ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ဘက်ထရီဆိုင်ကယ် ငါးစီး၊ ရေခဲသတ္တော တစ်လုံး ပျက်စီးခဲ့ကာ ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃ဝ၃၀၀၀ဝ ခန့်ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုတွင် ဦးမင်းဇော်၏ သားအကြီးဖြစ်သူ ကိုမင်းစည်သူ (၂၀)နှစ်တွင် ယာလက်ဖမိုးပွန်ခြစ်ဒဏ်ရာဖြင့် သတိလစ် (စိုးရိမ်ရ)နှင့် သားအငယ်ဖြစ်သူ ကိုထွန်းမင်းပိုင် (၁၉)နှစ်တွင် နှဖူး၊ နောက်ကြော၊ ဝဲလက်မောင်း၊ ဝဲခါး၊ ယာလက်ကောက်ဝတ် တို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မီးလောင်မှုအား လာရောက်ကူညီပေးသူ ဦးမြင့်သောင်း၊ (၄၀)နှစ် (ဘ)ဦးမောင်ဝင်း၊ တောကျောင်းလမ်း၊ သန်းဖိုရပ်၊ အလယ်ကျွန်းရပ်ကွက်၊ မြိတ်မြို့နေသူတို့တွင် ယာမျက်လုံးအောက် ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြပြီး ချစ်ကြည်ရေး လူမှုရေးအသင်းနှင့် ရှင်သန်ခြင်း လူမှုရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြင့်ဦး(မြိတ်)


