မြိတ်   ၂၁  နိုဝင်ဘာ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသည့် အတွက် ရောဂါပိုးရှိပြီး ကိုဗစ်ရောဂါ လက္ခဏာခံစားရမှုမရှိသည့် စိတ်ချရသောလူနာ(၂၂)ယောက်ကို သံဃာဆေးရုံ (ဇီဝိတ စက္ခုဒါနစင်တာ)တိုးချဲ့ ကိုဗစ်စင်တာသို့ နိုဝင်ဘာ(၂၀)ရက် ညနေပိုင်းက ပြောင်းရွှေ့ကာ ကျန်းမာရေး စောင့် ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

 “ အဓိကကတော့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေ များလာတဲ့အချိန်မှာ အနံ့ပျောက်လူနာတွေလည်း များ လာပါတယ်။ ရောဂါပိုးရှိတဲ့ သူတွေထားတဲ့ သီးခြားလူနာဆောင်က (၇၄)ယောက်ဆံ့ပါတယ်။ အနံ့ပျောက် လူနာက (၈)ယောက်ရှိပါတယ်။ ရောဂါပိုးရှိတဲ့သူက(၆၀)ကျော်သွားပါတယ်။ အရင်ကတည်း က ပိုးတွေ့လူနာများလာရင် ထပ်ချဲ့ဖို့ သံဃာ့ဆေးရုံ၊  တိုင်းရင်းဆေးရုံနဲ့ သားဖွားသင်တန်းကျောင်း လျာထားတာရှိပါတယ်။ လူနာ(၄၀)ကျော် ကတည်းက သံဃာ့ဆေးရုံ(ဇီဝိတစက္ခုဒါနစင်တာ)ကို အလှူရှင်တွေ ပရိတအဖွဲ့တွေနဲ့ပေါင်းပြီး အင်တိုက်အား တိုက် တိုးချဲ့ဖို့ပြင်လိုက်တာပါ။

 

လူနာ(၆၀)ကျော်လာတော့ အနံ့ပျောက်သူတွေနဲ့ တော်တော်လေးကျပ်နေပြီ။ ဒီတခေါက်မှာ အောက်ဆီ ဂျင် ရှူရတဲ့လူနာ(၃)ယောက်ရှိပါတယ်။ တစ်ချို့လူနာတွေက လက္ခဏာပဲရှိတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး။ လူနာတွေများနေတဲ့အတွက် နောက်ထပ် ရောက်လာမယ့် လူနာတွေ အတွက် ထားစရာ နေရာမရှိဘူး။ ဒါ့ကြောင့် ရောဂါပိုးရှိပြီး ကိုဗစ် လက္ခဏာခံစားရမှုမရှိတဲ့ စိတ်ချရတဲ့ လူနာ(၂၂)ယောက်ကို သံဃာ့ဆေးရုံ စင်တာသို့ မနေ့က ပြောင်းရွှေ့လိုက်တာပါ ”  ဟု ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ပြောသည်။

 

ပြည်သူ့ဆေးရုံ Fever Clinic(ဖျားနာကုဆေးခန်း)ကို ပြည်သူ့ဆေးရုံ အထူးကုပြင်ပ လူနာဌာနတွင် ပိတ်ရက်မရှိ နံနက်(၉)နာရီမှ (၁၂)နာရီထိ ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)၏ Fever Clinic (ဖျားနာကုဆေးခန်း)ကို သံဃာ့ဆေးရုံတွင် နေ့လယ်(၂)နာရီမှ(၄)နာရီအထိ ဖွင့်လှစ်ထားရှိ၍ ဖျားခြင်း၊ နှုံးချိခြင်း၊ ကိုက်ခဲခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ပျောက်သည့်လူနာများ အဆိုပါ ဖျားနာကုသဆေးခန်းတွင် ပြသနိုင်ကြောင်း သိရသည်။

 

 “ မြိတ်မှာ လူနာတိုးတဲ့နှုန်းက နည်းနည်းများတဲ့ အနေအထားဖြစ်နေပါတယ်။ ဒီလိုတိုးနှုန်းနဲ့ တိုးနေတော့ အန္တရာယ်များပါတယ်။  သံဃာဆေးရုံ (ဇီဝိတစက္ခုဒါနစင်တာ)တိုးချဲ့စင်တာမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ခံကုသပေးတာဖြစ်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)က ဝန်းရံကူညီပေးတာ ဖြစ်ပါတယ်။ ဆေးရုံရဲ့ကိုဗစ်စင်တာခွဲ အနေနဲ့သာဖွင့်ထားပါတယ်။ ဒီမှာအဓိက လှုပ်ရှားပေးမယ့်အဖွဲ့ကလည်း ပရဟိတ အဖွဲ့တွေပဲဖြစ်ပါတယ် ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်) ဒု-ဉက္ကဋ္ဌ ဒေါက်တာအေးအေးသိန်း က ပြောသည်။

 

သံဃာဆေးရုံ (ဇီဝိတစက္ခုဒါနစင်တာ)တိုးချဲ့စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၆၅)ဦးထိ လက်ခံ ထား ရှိနိုင်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)နှင့် ပြည်သူ့ဆေးရုံတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ ပရဟိတ အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု အနေဖြင့် နိုဝင်ဘာ လ (၂၁)ရက်အထိ (၁၆၁)ဦးရှိခဲ့ပြီး ဆေးရုံတက် ကုသဆဲ လူနာ(၆၀)ဦးရှိကာ သက်သာပျောက်ကင်းသည့် လူနာ(၉၉) ဦးရှိ၍ သေဆုံးသူ(၂)ဦးရှိကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက် )