မြိတ် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၄)ရက်တွင် မြိတ်မြို့ရွှေပေးဈေး၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။
အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြရာ၌ သက်တမ်းလွန် အစားအစာ(၄)မျိုးတွေ့ရှိခဲ့သဖြင့် ၄င်းတို့အားသိမ်းဆည်း ခဲ့ကြပြီး နောက်နောင်ရောင်းချမှုမရှိစေရေးအတွက် ခံဝန်လက်မှတ်ရေးထိုးစေခဲ့ပြီး အသိပညာပေးခဲ့ ကြသည်။
ထို့အတူ ဈေးအတွင်းရောင်းချနေသော ဖုန့်ဖတ်ဆိုင်(၂)ဆိုင်မှ မုန့်ဖတ်များ နမူနာဝယ်ယူ၍ ဈေးကော်မတီရုံးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မုန့်ဖတ်အတွင်း Formalin (တာရှည်ခံဓာတ် ပစ္စည်း) ပါရှိမှုရှိမရှိ စစ်ဆေးခဲ့ကြသည်။ အလားတူ မြို့အတွင်းရှိ မုန့်ဖတ်ဆိုင်(၅)ဆိုင်မှ မုန့်ဖတ်များ နမူနာဝယ် ယူ၍ မုန့်ဖတ်အတွင်း ဖော်မလင်ပါရှိမှုရှိမရှိ စစ်ဆေးခဲ့ရာ Formalin (တာရှည်ခံဓာတ်ပစ္စည်း) သုံးစွဲထားရှိမှု မရှိကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
မြိတ်မြို့တွင် သြဂုတ်လ၌ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး အရောင်းဆိုင်များအား အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မုန့်ဖတ်အရောင်းဆိုင်နှင့် ပင်းရင်းဆိုင်အချို့တွင် ရွေ့လျားဓာတ်ခွဲ ယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ Formalin(တာရှည်ခံဓာတ်ပစ္စည်း)သုံးစွဲထားသည်ကို တွေ့ရှိရ၍ သိမ်းဆည်း ဖျက်ဆီး၍ ပညာပေးဆောင်ရွက်မှုများရှိခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


