ထားဝယ် နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူ စာချုပ်(မူကြမ်း) စိစစ်ရေးနှင့် မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာစမ်းသပ်ဆောင် ရွက်ခြင်းဆိုင်ရာ နားလည်မှုမှတ်တမ်း F.S (MOU)(မူကြမ်း)တို့အား စိစစ်သည့်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူ စာချုပ် (Land Lease Agreement )(မူကြမ်း)နှင့်ပတ်သက်၍ လည်းကောင်း၊ မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာစမ်းသပ် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုမှတ်တမ်း F.S (MOU)(မူကြမ်း)နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဂုဏ်ပြုယာဉ်များတွင် ပြသဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာ ကို ပြသနိုင်ရန်အတွက် ဝိုင်းဝန်းပြီးလုပ်ဆောင်ပေးကြရန်လိုအပ်ကြောင်း၊ ပြခန်းများတွင် တိုင်းအတွင်း ထင်ရှားသည့်နေရာများ၊ ဒေသထွက်ကုန်များစုံလင်အောင် ခင်းကျင်း ပြသနိုင်ရန်အတွက် အကြံပြု ဆွေးနွေးကြစေလိုကြောင်း ဌာနဆိုင်ရာများအနေဖြင့် စိန်ရတုပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုယာဉ်များတွင်ပြသ ထားရှိမည့် တိုင်းဒေသကြီး၏ တန်ခိုးကြီးထင်ရှားသောဘုရားများ၊ ဒေသမှထွက်ရှိသော ရာဘာပင် များနှင့် ပစ္စည်းများ၊ အထင်ကရနေရာများနှင့် ပြခန်းတွင်ပြသရောင်းချမည့် ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)