မြိတ် ၂၃ ဧပြီ   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နွေရာသီ အပူချိန်မြင့်တက်လာမှုကြောင့် အဝီစိတွင်းများ၊ ရေတွင်းများ ခမ်းခြောက်လာပြီဖြစ်သဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့ လာရကြောင်း သိရသည်။

 

6797

 

မြိတ်မြို့တွင် ယခုနှစ်နွေရာသီ၌ ယခင်နှစ်ကထက် အပူချိန်ပိုမိုများပြားလျက်ရှိရာ သောက်ရေသုံးရေ ရှားပါးမှုအခက်အခဲများဖြစ်ပေါ်လာ၍  မီးသတ်ဦးစီးဌာနနှင့် စေတနာရှင်အလှူရှင်များက ရေရှားပါးလျက်ရှိသော ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများအား မီးသတ်ရေသယ်ယာဉ်နှင့် ရေကားများဖြင့် သွားရောက်ရေလှူဒါန်း လျက်ရှိကြသည်။

 

7004

 

မြိတ်မြို့နယ်အတွင်း၌ လက်ရှိအချိန်၌ ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေးရပ်တွင် အိမ်ခြေ(၅၀ဝ) လူဦးရေ (၂၅၀ဝ)ခန့်၊ ကလွင်ကျေးရွာ ငွေပုလဲရပ်တွင် အိမ်ခြေ(၁၈၇) လူဦးရေ(၁၂၀ဝ)ခန့်၊ ကလွင်ကျေးရွာ ရှမ်းချောင်း အတွင်းရပ်တွင် အိမ်ခြေ(၂၁၃)လူဦးရေ(၁၄၀ဝ)ခန့်၊ စန္ဒဝတ်ကျေးရွာ ကွမ်းသီးချောင်းရွာတွင် အိမ်ခြေ(၁၅၀)၊ လူဦးရေ(၄၀ဝ)ခန့်၊ စန္ဒဝတ်ကျေးရွာ အဏ္ဏဝါရပ်တွင် အိမ်ခြေ(၁၀ဝ)လူဦးရေ(၃၅၀)ခန့် သောက်ရေသုံးရေ ရှားပါးမှု အခက်အခဲများကြုံတွေ့နေရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

7071

 

ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်၊ ကျွဲကူးမီးသတ် စခန်းမှ ရေသယ်ယာဉ်၊ အရန်မီးသတ်စခန်းများမှ ရေသယ်ယာဉ်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တို့ဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များပူးပေါင်း၍ နေ့စဉ်ရေလှူဒါန်းပေးလျက်ရှိပြီး မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဧပြီလ(၂၃)ရက် နံနက်ပိုင်းတွင် ရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသည့် ရပ်ကွက်/ကျေးရွာများသို့  ကွင်းဆင်းခဲ့ကြသည်။

 

သောက်ရေသုံးရေရှားပါးမှု အခက်အခဲများကြုံတွေ့နေရသော ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ အား ရေရရှိရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ မီးသတ်ဦးစီးဌာနနှင့် ရေအလှူ ရှင်များပူးပေါင်း၍ ရေရှားပါးသည့် ရပ်ကွက်/ကျေးရွာ ရေစုကန်များသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး ရေရှားပါးလာနိုင်သည့် ရပ်ကွက်/ကျေးရွာများ ကြိုတင်သိရှိနိုင်ရေးအတွက် စာရင်းကောက်ယူ၍ ရေပြတ်လပ်မှု မရှိစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )