မြိတ် ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ အထက်ရေပုန်းရပ် စပါး ရွှေဝါ လမ်းမကြီးရှိ သံဃာ့ဆေးရုံတွင် Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်းအား ဇူလိုင် ၅ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြီး အနံ့ပျောက်၊ ဖျားနာလူနာများအား အခမဲ့ ကုသပေး လျက်ရှိသည်။
“လတ်တလောအခြေအနေက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်ပိုဆိုးလာတော့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း(မြိတ်)အနေနဲ့ တစ်ခုခု ပြန်လုပ်သင့်တယ်ဆိုပြီး ဆွေးနွေးကြပါတယ်။ အလွန် များလာရင် မနိုင်မနင်းဖြစ်လာမယ့်အစား နိုင်တဲ့ဘက်မှ ဝိုင်းကူရအောင်ဆိုပြီး ပြန်ဖွင့်တာပါ။ အနံပျောက်တဲ့သူတွေကို လိုအပ်ရင် ပရဟိတအဖွဲ့နဲ့ အသေအချာ အလုံဖြစ်တဲ့ကားနဲ့ စစ်ဆေးပေးမယ့် နေရာကို ပို့ပေးမယ်။ တကယ်လို့ Positive ဖြစ်ရင် လိုအပ်တာကို ဆက်ပြီးဆောင်ရွက်ပေးပါ့မယ်။ Negative ဆိုရင် အိမ်မှာပဲ သီးခြားနေခိုင်းတာတို့ ဆောင်ရွက်ပါ့မယ်” ဟု မြန်မာနိုင်ငံ ဆရာဝန် အသင်း(မြိတ်)မှ ဒေါက်တာတင်စိုးမိုးက ပြောသည်။
Fever Clinic ဖျားနာအခမဲ့ဆေးကုသခန်းအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက်(၁၀) နာရီမှ (၁၁)နာရီခွဲ အချိန်ထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး အနံ့မရသူများနှင့် ကိုဗစ်-၁၉ သံသယလူနာများအတွက် ဖုန်းဖြင့် ဆက်သွယ်အကြံဉာဏ် ရယူလိုသူများကို တနင်္လာနေ့မှ သောကြာနေ့အထိ မွန်းလွဲ (၁)နာရီမှ (၃)နာရီအတွင်း ဆွေးနွေးပြောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Fever Clinic ဖျားနာအခမဲ့ဆေးကုသခန်းအား မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြိတ်မြို့မှ စေတနာ့ ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတစေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်းကာ ကုသပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြိတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၇)ဦးရှိနေပြီး ဆေးကုသမှုခံယူလျက်ရှိကြကြောင်း၊ မြိတ်ပြည်သူ့ဆေးရုံတွင် မေလ(၂၃)ရက်မှ စတင်၍ လက်ရှိအထိ ရောဂါပိုးတွေ့ရှိသူ(၁၁၆)ဦးရှိခဲ့ပြီး ဆေးရုံမှပြန်ဆင်းသူ (၆၉)ဦး ရှိ၍ သေဆုံးသူ(၄)ဦးရှိခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)


