မြိတ် ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မီးသတ်ဦးစီးဌာန မီးသတ်စခန်း၌ မီးသတ်တပ်ဖွဲ့ဝင်များအားစွမ်းရည် ပြည့်ဝစေရေးနှင့် ဆီမီးလောင်မှုများတွင် Foam ဆေးရည်အသုံးပြု၍ မီးငြိမ်းသတ်ရေးကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်တတ်စေရန်အတွက် ဇွန်လ(၃၀)ရက် မွန်းလွဲပိုင်းက ဆီမီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား စမ်းသပ်စစ်ဆေး သင်ကြားလေ့ကျင့်ခဲ့ကြသည်။
“ဆီမီးလောင်မှုများတွင် Foam ဆေးရည်နဲ့ ငြိမ်းသတ်တဲ့ပစ္စည်း ကိရိယာ(၃)မျိုးကို တပ်ဖွဲ့ဝင်တွေ ကိုင်တွယ် အသုံးပြုမှုကျွမ်းကျင်အောင် သင်ကြားလေ့ကျင့်ပေးတာပါ။ ရှာဖွေစုဆောင်းထားရှိတဲ့ အမြှုပ်လုပ်ပိုက် ခေါင်းကိရိယာ၊ Foam ဆေးရည်ရောနှောအမြှုပ်လုပ်ပြီးပက်သည့် ကိရိယာ စတာတွေကို ကိုင်တွယ် ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ပေးတာပါ" ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
မြိတ်မြို့တွင် ဆီမီးလောင်မှု ဖြစ်ပွားမှုများရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဆီမီးလောင်မှုများတွင် အသုံး ပြုနိုင်ရန် အမြုပ်လုပ်ပိုက်ခေါင်းကိရိယာ (foam making branch) အသုံးပြုပုံများ၊ ခါးဆက်အမြုပ်လုပ်ကိရိယာ (foam mixer)အသုံးပြုပုံများ၊ ကျောလွယ်မီးသတ်ကိရိယာ (water mist gun) မီးငြှိမ်းသတ်ရေးကိရိယာများ၊ အသက်ရှူကိရိယာအသုံးပြုပုံနည်းစနစ်များအား တစ်ဦးချင်း ကျွမ်းကျင်လျင်မြန်စွာ ကိုင်တွယ်အသုံးပြု ငြိမ်းသတ် နည်းများကို မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇင်ဦးချို မှ လက်တွေ့ကိုင်တွယ်ရှင်းလင်းသင်ကြားပြသခဲ့ပြီး မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးမှ အားသာချက်အားနည်းချက် များအား ထပ်ဆင့်ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


