မြိတ်  ၈ အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စည်ပင်သာယာရေးလုပ်ငန်းများကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်သူလူထုအား ချပြရှင်းလင်းခဲ့သည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်းပေါင်း (၄၀ဝ၀)ကျော်ဖြင့် လမ်း(၅၄)လမ်း၊ ရေပြွန်တံတား(၆၄)စင်း၊ ရေပေးရေးလုပ်ငန်း(၈)ခု၊ အခြားလုပ်ငန်း(၄၉)ခု (ဈေး၊ ရေမြောင်း၊ ပလက်ဖောင်း၊ လမ်းညွှန်ဆိုင်းဘုတ်) စသော လုပ်ငန်း စုစုပေါင်း (၁၇၅)ခုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၂၁ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်မှ သိရသည်။

 

ရပ်ကွက်အတွင်းမှာ ဆောင်ရွက်တဲ့ လမ်း၊ ရေနုတ်မြောင်းနှင့် စည်ပင်သာယာရေး လုပ်ငန်းတွေကို ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်အောင် အခုလိုချပြရှင်းလင်းတာပါ။ တချို့ရပ်ကွက်တွေမှာ လမ်းတွေရေနုတ်မြောင်း တူးတဲ့နေရာမှာ အခက်အခဲတွေရှိပါတယ်။ အဲဒီအခက်အခဲတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကော်မတီတွေနဲ့ စည်ပင်သာယာရေး အဖွဲ့တွေပူးပေါင်းပြီး စည်ပင်သာယာရေးလုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန်နှင့် အကောင်အထည်ဖော်နိုင်အောင် အခုလိုရှင်းလင်းတာပါဟု စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုကပြောသည်။

 

ရှင်းလင်းပွဲကို မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းဝေဖြိုးလတ်က အဖွင့်အမှာစကားပြောကြားပြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက စည်ပင်သာယာရေး လုပ်ငန်းများကို ဆွေးနွေးပြောကြား၍ ကော်မတီအတွင်းရေးမှူး ဦးကြည်စိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရပ်ကွက်/ကျေးရွာများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လောကအလင်းမှ ဦးသန်းစိုးက အမှိုက်ခွဲခြားမှု (Waste Management)ပြုလုပ်နေမှုအား ရှင်းလင်းသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက ရပ်ကွက်/ကျေးရွာများအလိုက် စည်ပင်သာယာရေး လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးပြောကြားကြပြီး တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။ရှင်းလင်းပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)