မြိတ် ၂၈ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၂၀၂၀ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူ ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကို မြိတ်ခရိုင် ပိတောက်ရွှေစင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့်အတူ မြိတ်တောင်ရပ်ကွက်တွင် စုစည်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြိတ်မြို့ရှိပြည်သူများ ပျော်ရွင်နိုင်ဖို့အတွက် လမ်းလျှောက်သင်္ကြန်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ အများသူငှာ အေးချမ်းစွာသွားလာနိုင်ဖို့ ထီးလေးတွေ ထားရှိမယ်။ ရေပန်းလေးတွေ လမ်း တစ်လျှောက်ရှိမယ်။ လမ်းဘေးဝဲယာတွင် စတုဒီတာ ကျွေးမွေးတဲ့အစီအစဉ်တွေရှိမယ်။ လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့ ၁၂ ရက်မှ သင်္ကြန်အတက်နေ့ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မြိတ်မြို့ရှိ ပြည်သူလူထုအားလုံး အေးချမ်းတဲ့သင်္ကြန်ရေနဲ့ လာရောက်ပျော်ရွှင်နိုင်ဖို့အတွက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်”ဟု မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော် က ပြောသည်။
လမ်းလျှောက်သင်္ကြန်ကို မြိတ်မြို့၌ ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး မြိတ်တောင်ရပ်ကွက် ဉီးမြတ်လေးလမ်း ထားဝယ်ကမ်းလမ်းဆုံမီးပွိုင့်မှ စန်းသီရိလမ်းဆုံမီးပွိုင့်အထိ ကျင်းပသွားမည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာတွင် ပိတောက်ရွှေစင်မဏ္ဍပ်နှင့် မြိတ်ခရိုင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပူးပေါင်း၍ မြိတ် ခရိုင် ပိတောက်ရွှေစင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အဖြစ် သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ ခေတ်ပေါ်တေး သီချင်းများဖြင့် ဖျော်ဖြေရေး အစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်ကျင်းပရန်နှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တည်ဆောက်မည့်နေရာကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံကြည့်ရှုခဲ့ကြပြီး သသင်္ကြန်ပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေးအတွက် ထားဝယ်ကမ်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


