မြိတ် ဖေဖော်ဝါရီ ၂၆

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်ဆီမီးစေတီတော်တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၊ ရေကြည်တော်ဓမ္မာရုံနှင့် စာကြည့်တိုက်တို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေနှင့် သီလရှင် အပါး ၂၉၀ ဖြေဆိုလျက်ရှိကြသည်။

 

ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲအနေဖြင့် အခြေခံတန်း၊ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်းကို ကျင်းပလျက်ရှိပြီး စာမေးပွဲများကို အထူးကြီးကြပ်ရေး ဆရာတော် ၁၀ ပါး၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော် ၁၉ ပါးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကျင်းပလျက်ရှိရာ အခြေခံအတန်းတွင် ၁၀၉ ပါး၊ အခြေပြုမူလတန်းတွင် ၉၅ ပါး၊ ပထမငယ်တန်းတွင် အပါး ၅၀၊ ပထမလတ်တန်းတွင် ၁၆ ပါး၊ ပထမကြီးတန်းတွင် ၁၅ ပါးနှင့် ဓမ္မာစရိယတန်းတွင် ငါ’ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြကာ စာမေးပွဲများကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)