မြိတ် ၁၇ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဉီးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မေ ၁၇ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ဇေယျက သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ အချိန်နှင့်ငွေတန်ဖိုးများစွာ အကုန်အကျခံကာ ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်နှင့် စေတနာကို နားလည်တုံ့ပြန်သောအားဖြင့် သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်သင်ယူကြစေလိုကြောင်း၊ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး သင်ကြားပေးသည့် စာတွေ့လက်တွေ့ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားအားထုတ်သင်ယူရန်လိုကြောင်း၊ ဆွေးနွေးပို့ချပေးသည့် ပြည်ထောင်စုစိတ်ဓါတ်ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်များကို အလေးထားမှတ်သားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်သော အကျင့်စာရိတ္တမြင့်မားသော အမျိုးသမီးကောင်းလေးများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ သင်တန်းသူအချင်းချင်း ညီအစ်မအရင်းအချာသဖွယ် တစ်ဉီးနှင့်တစ်ဉီး ဖေးမကူညီစောင့်ရှောက်ရန်လိုကြောင်း၊ နည်းပြများအနေဖြင့် စေတနာ၊ မေတ္တာအပြည့်ထားပြီး ဆုံးမသွန်သင်ပေးပြီး အိမ်တွင်းမှုအတတ်ပညာများကိုလည်း အမှန်တကယ် အသက်မွေးဝမ်းကျောင်းပြုနိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် မချွန်းမချန် လေ့ကျင့်သင်ကြားပေးလိုကြောင်း တိုက်တွန်မှာကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးသည်။
ထို့နောက် သင်တန်းကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ အစီရင်ခံတင်ပြခဲ့ပြီး သင်တန်းသို့ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာများမှ အမျိုးသမီးသင်တန်းသူ (၂၄)ဉီး တက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းတွင် သင်တန်းနည်းပြ ဆရာမများက သင်တန်း (၁၈)ပတ်ကြာ ကာလအတွင်း၌ အပ်ချုပ်ပညာ၊ လက်မှုပညာများ၊ ခေတ်မီမော်တာစက်ချုပ်နည်း အပါအဝင် စက်ချုပ်ပညာကို အဓိကထားကာ စာတွေ့လက်တွေ့ သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဉီးစီးဌာနမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခု၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှစ်ခု၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉)ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၆)ကျောင်းတို့အား ဖွင့်လှစ်၍ လူငယ်များအား ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း အဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်စုမြတ်အေးထံမှ သိရသည်။
မြင့်ဉီး(မြိတ်)


