မြိတ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ်၌ ဖွင့်လှစ်သည့် အခြေခံပညာ အထက်တန်း ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သင် ဆရာ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့ အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံသင်တန်းသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်ထောက်ကူ ပစ္စည်းများဖြင့် ဆရာ ဆရာမများအား သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူဆရာတော် ဦးဆောင်သည့် အထူးကု ဆရာဝန်ကြီးများက အခမဲ့ စမ်းသပ်ခွဲစိတ် ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)