မြိတ်   ၂၁  ဇန်နဝါရီ   

ပြည်သူများ နေ့စဉ် စားသောက် သုံးစွဲနေသော စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများအား  ဘေးအန္တ ရာယ်ကင်းရှင်းရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့မှ ဇန်နဝါရီလ(၂၁)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာ ဦးနီတိုး ပုဂ္ဂလိကဈေးရှိ စားသောက်ကုန်၊ အလှကုန်အရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး ခဲ့ကြပြီး စားသောက်ကုန်များ နမူနာဝယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ကြသည်။

“အခြေခံလူထုစားသုံးနေတဲ့ စားသုံးကုန်ထဲမှာ တားမြစ်ထားတဲ့ဆိုးဆေးတွေရှိမရှိ၊ တာရှည်ခံတဲ့ဆေးတွေ ရှိမရှိကို ရွေ့လျားဓာတ်ခွဲယာဉ်မှာပါတဲ့ တစ်ခါသုံး Test Kit တွေနဲ့ ချက်ချင်းစစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ လောလောဆယ်မှာ ပါဝင်ခြင်းရှိတာမတွေ့ရပါဘူး။  အလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီး မာကျူရီပါဝင်တဲ့ အလှကုန် ပစ္စည်းတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာတွေ့ရင် ပထမအကြိမ်အနေနဲ့ ပညာပေးပြီး ပစ္စည်းသိမ်းဆည်း ခြင်းတွေပြုလုပ်ပါတယ်။ သိမ်းဆည်းပြီး ဖျက်ဆီးပါတယ်။ နောက်ပိုင်းတွေ့ရင် အရေးယူခြင်းတွေ ဆက်လက် ဆောင်ရွက်သွားပါ့မယ်”ဟု တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် က ပြောသည်။   

အစားအသောက်များတွင် ခွင့်မပြုဓာတုဆိုးဆေး၊ ဓာတုတာရှည်ခံဆေးများ သုံးစွဲထားမှုရှိမရှိ၊ သက်တမ်း လွန်နှင့် တားမြစ်အလှသုံးကုန်များ ရောင်းချခြင်းရှိမရှိကို  ဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်(၂၂)ဆိုင်၊ အလှကုန် ဆိုင်(၅)ဆိုင်တို့ကို ရှောင်တခင်စစ်ဆေးခဲ့ကြသည်။ စားသောက်ကုန်ဆိုင်များမှ စားသောက်ကုန်(၂၁)မျိုးကို နမူနာ ၀ယ်ယူ၍  (၁၃)မျိုးကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးဆောင်ရွက်ရာ၌  Formalin (တာရှည်ခံဓာတ်ပစ္စည်း) သုံးစွဲထားခြင်း မရှိကြောင်းနှင့် ကျန်(၈)မျိုးကို တိုင်းဒေသကြီးရုံးတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အလှကုန်ဆိုင်များမှ သုံးစွဲရန်မသင့်သည့် တားမြစ်အလှကုန်ပစ္စည်း(၃)မျိုး စုစုပေါင်း(၁၇)ဘူး တွေ့ရှိခဲ့ပြီး သိမ်းဆည်း ခဲ့ကြ၍ ဈေးအတွင်း လက်ကမ်း စာစောင်များ ဖြန့်ဝေပညာပေးခဲ့ကြသည်။

“ စားသုံးကုန်ထဲမှာ တားမြစ်ထားတဲ့ဆိုးဆေးတွေရှိမရှိ၊ တာရှည်ခံတဲ့ဆေးတွေ ရှိမရှိကို FDA လူမှုကွန် ရက်စာမျက်နှာမှ အချိန်နဲ့တစ်ပြေးညီ ကြေညာထားပါတယ်။ ကြေညာထားတဲ့ပစ္စည်းတွေ စားသောက်ကုန်တွေ၊ တားမြစ်ထားတဲ့ကုန်ပစ္စည်းတွေ၊ ထုတ်ပြန်ထားတာတွေကို လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေပြီးအသိပညာပေး ပါတယ်။ နောက်နောင် သုံးစွဲခြင်းမရှိအောင်လည်း ပညာပေးခြင်းတွေ ပြုလုပ်ထားပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး  က ဆက်လက်ပြောကြားသည်။   

တာရှည်ခံဓာတုဆိုးဆေးများ သုံးစွဲထားသည့် အစားသောက်များနှင့် သုံးစွဲရန်မသင့် တားမြစ်ထားသည့် အလှကုန်ပစ္စည်းများကို ပြည်သူများ စားသောက်သုံးစွဲမိပါက ရေရှည်တွင်ကျန်းမာရေးထိခိုက်စေပြီး ဆိုးကျိုးများ ဖြစ်စေသည့်အတွက် FDA လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး  မြိတ်မြို့တွင် ဈေးများနှင့် စားသောက်ကုန်ဆိုင်၊ အလှကုန်ဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ရှောင်တခင်စစ်ဆေးခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း  အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန မှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)