မြိတ် ၁၁ ဇွန်
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးမှ မြိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တိုးချဲ့ပညာပေးရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး TOT သင်တန်းကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဉီးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်က ယခုလို သင်တန်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် မိုးရာသီစိုက်ပျိုးရေးကာလအချိန်မှာ စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေး ဝန်ထမ်းများကွင်းဆင်းပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည့်အခါ တောင်သူများ၏ လိုအပ်ချက်များဖြစ်သည့် မြေယာပြုပြင်နည်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် အသုံးပြုနည်း၊ ဓါတ်မြေသြဇာများကို အချိုးနှုန်းမှန်ကန်စွာစနစ်တကျ ထည့်သွင်းအသုံးပြုနည်း၊ စိုက်ပျိုးနည်းပညာများအား အသိပညာပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နည်းများကို အသိပညာပေးနိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး တိုးချဲ့ပညာပေးရေး ဝန်ထမ်းများအား ယခုလို မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး TOT သင်တန်းများအား ပို့ချပေးရခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် သင်တန်းပို့ချရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ မြေအသုံးချရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဝင်းက မြေနမူနာစနစ်ရယူခြင်း၊ မြေသြဇာအကြောင်းနှင့် စနစ်မြေသြဇာကျွေးခြင်းအကြောင်းအား လည်းကောင်း၊ တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးက PPE ဝတ်စုံကို စနစ်တကျဝတ်ဆင်ပုံ၊ ဖောငမြှောင်တောင် ဖမ်းဆီးထောင်ခြောက် တပ်ဆင်အသုံးပြုပုံ၊ မိုးစပါးတွင် ကျရောက်သည့် ပိုးရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ရော်ဘာတွင် ကျရောက်သည့် ရောဂါများအကြောင်း စသည့်ခေါင်းစဉ်များဖြင့် မြိတ်ခရိုင်ရုံးနှင့် မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတို့မှ တိုးချဲ့ပညာပေးရေးဝန်ထမ်း ၁၆ ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပို့ချပေးသွားမည်ဖြစ်သည်။
မြင့်ဦး(မြိတ်)


