မြိတ် ၂၀ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာအသင်း အလုပ်အမှုဆောင်ကော်မတီ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ လမ်းညွှန်ချက် အကောင်အထည်ဖော်ခြင်း လုပ်ငန်းဆွေးနွေးပွဲကို အ.ထ.က(၁) ပညာဗိမာန်ခန်းမတွင် ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခြေခံပညာကျောင်းများတွင် မိဘဆရာအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် ကျောင်းသား/ကျောင်းသူများ၏ အကျင့်စာရိတ္တကောင်းမွန်မှု၊ ကျောင်းတက်မှန်မှု၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြှင့်မာရေးတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍ ကျောင်းအရည်အသွေး မြင့်မားရေးအတွက် ပူးပေါင်းပါဝင်မှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ကျောင်းပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ စသော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ(၃)ခုကို ကျောင်းများတွင် မိဘဆရာအသင်း၌ ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
ဆွေးနွေးပွဲတွင် မိဘဆရာအသင်း အလုပ်အမှုဆောင်ကော်မတီ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ လမ်းညွှန်ချက်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများအား မိဘဆရာအသင်း၌ ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်မည့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ(၃)ခု၏ အကောင်အထည်ဖော်မည့်လုပ်ငန်းများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြားပြီး အထက်တန်း ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) ဒေါ်သိန်းသိန်းဌေးက ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို စတင်ခဲ့သည်။ ဆွေးနွေးပွဲ၌ မြိတ်မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.လ.က၊ အ.မ.ကကျောင်း စုစုပေါင်း (၁၄၄)ကျောင်းရှိ ကျောင်းအုပ်ကြီးများအား ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် (၂)ရက်ခွဲ၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


