မြိတ် ၃၀ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ခေတ္တရပ်နားထားသည့် မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော (တိုင်းဒေသကြီး အတွင်း/အပြင်) ခရီးသည်တင်ယာဉ်လိုင်းများအားလုံးကို ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ မေ ၁၅ ရက်အထိ ယာဉ်လိုင်းပြေးဆွဲခြင်း ခေတ္တရပ်နားမှု ထပ်မံတိုးမြှင့်လိုက်သည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော (တိုင်းဒေသကြီး အတွင်း/အပြင်) ခရီးသည်တင်ယာဉ်လိုင်းများအားလုံးကို ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းအား ရပ်နားထားရှိပြီး ကုန်စည်စီဆင်းမှုများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ရေးအတွက် ကုန်တင်ကားများ စနစ်တကျ ကန့်သတ်သွားလာနိုင်ရေးအတွက် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်း ကြီးကြပ် ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည်။
မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာ လျက်ရှိကြသော (တိုင်းဒေသကြီး အတွင်း/အပြင်) ခရီးသည်တင်ယာဉ် လိုင်းများအားလုံးကို မေ ၁ ရက်မှ ၁၅ ရက်အထိ ယာဉ်လိုင်းပြေးဆွဲခြင်းအား ခေတ္တရပ်နားထားရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ဧပြီလ(၂၉)ရက်၌ ယာဉ်လိုင်းအသင်းများအား အကြောင်းကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ဧပြီ ၃၀ ရက်နေ့အထိထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြေ ညာစာ၊ ညွှန်ကြားချက်များအား မေ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ခြင်းကို ပြည်သူများအား ကြေညာချက်ထုတ်ပြန်ထားရှိသည်။
မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်းများ၌ တိုင်းဒေသကြီး ပြင်ပမှ ဆိုက်ရောက် ထွက်ခွာယာဉ်လိုင်း(၂၅)သင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း(၄၀)သင်း၊ စုစုပေါင်း ယာဉ်လိုင်း(၆၅)သင်းရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


