မြိတ် စက်တင်ဘာ ၁၃

 

မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြစ်ငယ်ရပ်ကွက်ရှိ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းသားများအား နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ရှာဖွေကယ်ဆယ်ရေးသင်တန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းနှင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို တုံ့ပြန်ဆောင်ရွက်ရာ၌ အထောက်အကူရရှိစေရေးအတွက် ယခုလို ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို ဖွင့်လှစ်လေ့ကျင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ မြိတ်မြို့ခံ လူမှုရေးအသင်းအဖွဲ့များမှ အသင်းဝင် (၃၀)၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၅)ဦး စုစုပေါင်း သင်တန်းသား (၅၀) တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မြိတ်ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ သင်တန်းနည်းပြဆရာ (၁၄)ဦးတို့က စက်တင်ဘာ ၁၂ ရက်မှ ၂၃ ရက်အထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားကြုံတွေ့လေ့ရှိသော မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ အခြေခံကြိုးချည်နည်းများ၊ အမြင့်ပိုင်း/အနိမ့်ပိုင်းများတွင် ကြိုးဖြင့် အသက်ကယ်နည်းစနစ်များ၊ တောင်ပေါ်အသက်ကယ်နည်းစနစ်များ၊ လျှိုမြောင်အတွင်း အသက်ကယ်နည်းစနစ် (Valley Rescue Technique)၊ ယာဉ်မတော်တဆဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ငလျင်ကြောင့် ပြိုကျပျက်စီး အစိတ်အပိုင်းများအောက်တွင် ပိတ်မိနေသူများအား ကယ်ဆယ်ရာတွင် အသုံးပြုသည့် Cribbing နည်းစနစ်၊ Air Lfting Bag အသုံးပြုခြင်းနည်းစနစ်၊ ဒေါက်ထောက်ခြင်း/ ကျားကန်ခြင်း (Shoring Technique)များ၊ ထွင်းဖောက်ဖြတ်တောက်ခြင်း (Breaking and Breeching) နည်းစနစ်များ၊ နိုင်ငံတကာရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့် (Assessment of Search and Rescue - ASR Level)များ၊ BA-Set အသုံးပြုနည်းစနစ်များ၊ အမှောင်ထုအတွင်း သွားလာလှုပ်ရှားမှုနည်းစနစ်များ၊ ရေတွင်းအသက်ကယ်နည်းစနစ်များ၊ အခြေခံအသက်ကယ်နည်းစနစ်များ (Basic Life Support)၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရနှင့် ကြိုတင်သတိပေးခြင်း၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာများ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ရှေးဦးပြုစုခြင်းဘာသာရပ်များအား သက်ဆိုင်ရာဌာနများမှ နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

“ဒီသင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မျက်မှောက်ခေတ်ကာလမှာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပွားကြုံတွေ့နေရသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်ကျရောက်မှု ဖြစ်စဉ်များမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ/ လူမှုရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီ အခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်" ဟု မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ဖြစ်ပွားမှုများအနေဖြင့် ၂၀၁၅ ခုနှစ်တွင် (၂၄)ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၃၉)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၆၆)ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၁၄၇)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၆၉)ကြိမ်၊ ၂၀၂၀ ခုနှစ်တွင် (၂၀၁)ကြိမ်၊ ၂၀၂၁ ခုနှစ်တွင်(၁၀၈)ကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၆ ရက်အထိ (၇၂)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။

 

မြင့်ဦး(မြိတ်)