မြိတ် ဇန်နဝါရီ ၁
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မြိတ်မြို့ ခရိုင်အားကစားခန်းမ၌ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ ဗိုလ်လုပွဲအဖြစ် မျိုးဆက်သစ်အသင်းနှင့် ဗဟိုခြင်းအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဗိုလ်လုပွဲအား အားကစား ဝါသနာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးကြပြီး ဗိုလ်လုပွဲ တွင် ဗဟိုခြင်းအဖွဲ့အသင်းက မျိုးဆက်သစ်အသင်းကို ၅၀၄ မှတ်၊ ၆၅၄ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆု(စတုတ္ထ)ရရှိသောအသင်းနှင့် တတိယ ဆုရရှိသော အသင်းတို့အား ငွေသားဆု၊ ဒုတိယနှင့် ပထမရရှိသော အသင်းတို့မှ ကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို မြိတ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးငွေစိုးက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲသည် မြန်မာ့ရိုးရာခြင်းလုံး လေးပေါက်တန်းပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကလပ်အသင်း ခြောက်သင်း ပြိုင်ပွဲဝင် ကစားသမား ၄၈ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


