မြိတ် နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်၊ အဝေးကားဝင်း သစ်၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက မော်တော်ဆိုင်ကယ် TAXI အသင်းကို စတင် ဖွဲ့စည်းခဲ့ကြောင်း မြိတ်မြို့နယ် မော်တော်ဆိုင်ကယ် TAXI အသင်းဥက္ကဌ ဦးမောင်မောင် က ပြောသည်။

ရှေးဦးစွာ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းစိုးက မှုခင်းဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ အရက်နှင့် မူးယစ်ဆေးဝါးများသုံးစွဲမှုကြောင့် မှုခင်းဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်နိုင်လင်း က ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်ရန်၊ အရက်သေစားနှင့် မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်မောင်း နှင်ခြင်းမပြုလုပ်ရန်၊ ယာဉ်မောင်းသူများ လိုက်နာရမည်အချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်မော်တော်ဆိုင်ကယ် TAXI အသင်း ဥက္ကဌ ဉီးမောင်မောင်က TAXI အသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးရှိစေရေးတို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

" ဆိုင်ကယ် TAXI အသင်းဖွဲ့စည်းရတဲ့ရည်ရွယ် ချက်ကတော့ ရပ်ဝေး၊ ရပ်နီးခရီးသွားလုပ်သား ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရန် အထောက်အကူပြုနိုင်ရန်ဖြစ်ပါတယ်။

ဒါအပြင် ရပ်ဝေးမှလာတဲ့ ခရီးသည်များလည်း ကားဂိတ်မှာ အိန္ဒြေမဲ့စွာ လုယူမှုတွေ မဖြစ်ပေါ်စေရန်ရည်ရွယ်ပါတယ်" ဟုမြိတ်မြို့နယ်မော်တော်ဆိုင်ကယ် TAXI အသင်းဥက္ကဌ ဉီးမောင်မောင် ကပြောသည်။

မြိတ်မြို့နယ်တွင်ဆိုင်ကယ်စီးနင်းအသုံးပြုသူ များပြားလာခြင်းနှင့်အတူဆိုင်ကယ် TAXI မောင်းနှင် သူများ လာခြင်းတို့ကြောင်း ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းများ လိုက်နာနိုင်ကြ စေရန်နိုဝင်ဘာ ၂၈ ရက်နေ့တွင်မော်တော် ဆိုင်ကယ် TAXI အသင်းကို အသင်းဝင်(၄၂)ဉီးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်သူများအနေဖြင့် တစ်ဉီးလျှင်အသင်းဝင်ကြေးငွေ(၁၀၀၀၀)၊ အင်္ကျီနှင့် ကတ်ပြားဖိုးငွေ ကျပ်၁၂၀၀၀ နှင့် လစဉ်ကြေးအဖြစ်တစ်လလျှင်ငွေကျပ်၅၀၀၀ ကို မော်တော်ဆိုင်ကယ် TAXI အသင်းသို့ ပေးသွင်းရမည်ဖြစ်ပြီးTAXI မောင်းသူများအနေဖြင့် အသင်းသို့ ဝင်ရောက်လိုသူများကိုလည်းဆက် လက်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မော်တော်ဆိုင်ကယ် TAXI အသင်းဥက္ကဌထံမှ သိရသည်။

မြင့်ဉီး(မြိတ်)