မြိတ် ၂၆ ဇန်နဝါရီ
စက်မှုဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော နဝမအကြိမ်မြောက် MSMEs Products ဒေသတွင်း ပြပွဲနှင့် ပြိုင်ပွဲ SME ထုတ်ကုန်များအား မိတ်ဆက်ခြင်းနှင့် ဗဟုသုတများဖလှယ်ခြင်း အခမ်းအနားကို မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်၏ ၅ လွှာရှိ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်လျက် သက်ဆိုင်ရာ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များမှ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာအေးအေးမော်မှ အသိဉာဏ်၊ ပစ္စည်းများ မူပိုင်ခံစားခွင့် အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရည်က SME ချေးငွေ ထုတ်ချေးပေးခြင်း ဆိုင်ရာများနှင့် စည်းကမ်းချက်များကိုလည်းကောင်း၊ Machine Repassa MPS Co,. Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်မှ အစားအသောက်၊ ဆေးဝါး၊ အိမ်သုံးဆေး အမျိုးမျိုး ထုတ်လုပ်မှုများအား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးနိုင်လင်းက စားသုံးသူများထံ မှန်ကန်အကျိုးရှိသည့် စားသောက်ကုန် ထုတ်လုပ်ဖြန်ဖြူး ရောင်းချခြင်းဆိုင်ရာများကို လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးမှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများနှင့် ချိတ်ဆက်ပံ့ပိုးပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ Good Brothers' Co,.Ltd မှ ဒုတိယမန်နေဂျာ ဒေါ်မိုးသိတာမှ လယ်ယာသုံးစက်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ဗဟသုတဖြစ်ဖွယ်ရာများအား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရွှေသူရိန် အခြောက်ခံစက်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်မြတ်သိင်္ဂီက ထုတ်ကုန်ပစ္စည်းများအား ခေတ်မီအခြောက်ခံစက်နှင့် အခြောက်ခံခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း၊ အစားအသောက် ဆေးဝါးကွပ်ကဲရေးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာဟိန်းမင်းထက်အောင်က လုပ်ငန်းအမျိုးမျိုးအား FDA လက်မှတ်ထုတ်ပေးမှု ဆိုင်ရာများနှင့် အမှတ်တံဆိပ် အမှတ်အသား ထောက်ခံချက်ပြုလုပ်ရာတွင် လိုအပ်ချက်များကိုလည်းကောင်း၊ ဖိုးလမင်းရာဘာစက်မှုလုပ်ငန်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ အရည်အသွေးပြည့်မီသော ရာဘာဈေးကွက်နှင့် ရာဘာကဏ္ဍကိုလည်းကောင်း၊ မျိုးမြတ်မွန် စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုအဆင့်ဆင့်နှင့် စွန့်ပစ်ပစ္စည်းဟု ယူဆသော စပါးခွံ၏ အသုံးဝင်ပုံများကိုလည်းကောင်း လုပ်ငန်းရှင်များအသီးသီးက ဗဟုသုတအဖြစ် ဆင့်ပွားရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြပြီး စိတ်ဝင်တစား သိလိုသူများ၏ မေးမြန်းမှုများနှင့် အကြံပြုဆွေးနွေးမှုများအား သက်ဆိုင်ရာ လုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေး ပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)