မြိတ် ၁၄ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများအား ထိရောက်လျင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင် ရာရှာဖွေ ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကမ်းနားလမ်းသဲကွင်းတွင် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် သတင်းရရှိသည်နှင့် အခင်းဖြစ်ပွားရာသို့ ယာဉ်အုပ်စုများ ထွက်ခွာခြင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးပြီး မီးလောင်နေသော အဆောက်အဦအား မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ ရွက်ဖျင်တဲထိုး၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး အဆောက်အဦအတွင်း ပိတ်မိနေသူများကို ဝင်ရောက်ကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်းကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ Heavy Rescue & Towing Vihicle (6×6) (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်အောင်ထွန်း ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး က ဇာတ်တိုက်လေ့ကျင့်မှု အားသာချက် အားနည်းချက်များကို တပ်ဖွဲ့ဝင်များအား ရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


