မြိတ် ၂၉ မေ  

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကံမော်ကျေးရွာရှိ ကံမော်တိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၁၃၀) တန်ဖိုးရှိ သွေးရည်ကြည် လှည့်သည့်စက်ကို ထိုင်းနိုင်ငံ  Charoen Pokphand Foods Public Company Limited မှ ယနေ့ မွန်းလွဲ (၂)နာရီတွင် မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း ဗိုလ်တေဇခန်းမ၌ လှူဒါန်းခဲ့သည်။

 

ကံမော်ကျေးရွာသည် မြိတ်မြို့နှင့် ကျွန်းစုမြို့တို့မှ ရေလမ်းခရီးသာ သွားလာရသည့် ကျေးရွာတစ်ရွာဖြစ်ပြီး မြိတ်မြို့မှ ရေမိုင် (၄၀) ကွာဝေး၍ ကျွန်းစုမြို့နယ်မှ ရေမိုင်(၄၅)မိုင် ကွာဝေးသည်။ ကံမော်တိုက်နယ်ဆေးရုံသည် ကံမော်ကျေးရွာအုပ်စု၊  မဲတောကျေးရွာအုပ်စု၊ ကော်ဇယျာ ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ (၂၆) ရွာမှ ဒေသခံ ပြည်သူ များ အားထားရာ ဆေးရုံတစ်ရုံဖြစ်သည်။

 

“ မိုးရာသီမှာ ကလေးတွေ ဖျားနာတာ ပိုများတယ်။ သွေးလွန်တုပ်ကွေးအနေနဲ့ ဒီဒေသမှာ အထိုက်အလျောက် ရှိပါတယ်။ သွေးလွန်တုပ်ကွေး လူနာတွေ ကုသတဲ့အခါမှာဆိုရင် ရောဂါပြင်းထန်တဲ့ ဝေဒနာရှင်တွေ သွေးပေါင်တွေကျလာရင် ဆေးရည်တွေနဲ့ မရတော့ပါဘူး။ အဲဒီအချိန်မှာ သွေးရည်ကြည်က သွင်းကိုသွင်းရတာ။ အရင်က သွေးရည်ကြည်လှည့်တဲ့စက် မရှိလို့ သွေးတစ်လုံး လုံး သွင်းရပါတယ်။  သွေးရည်ကြည်လှည့်သည့်စက်ကို CPF ကုမ္ပဏီက လှူဒါန်းပေးတဲ့ အတွက် သွေးတစ်လုံးကို အရည်ကြည်နဲ့ အနှောက်ခွဲထုတ်ပြီး လိုအပ်တဲ့ သွေးရည်ကြည်သာ သွင်းနိုင်တော့မှာ ဖြစ်တယ်။ သွေးလွန်တုပ်ကွေးရာသီမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ဝေဒနာရှင်တွေအတွက် များစွာအကျိုး ကျေးဇူးရှိတဲ့စက်ဖြစ်ပါတယ်” ဟု ကံမော်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ပြည့်ဖြိုး က ပြောသည်။

 

 သွေးရည်ကြည်လှည့်သည့်စက် လှူဒါန်းရာတွင် ကျွန်းစုမြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဉက္ကာမင်း က နုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းနိုင်ငံ  Charoen Pokphand Foods Public Company Limited မှ မန်နေဂျာ Mr. Chuchart Pradit က  လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ပြောကြား၍ သွေးရည်ကြည်လှည့်သည့်စက် လှူဒါန်းခဲ့ရာ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်း က လက်ခံရယူခဲ့သည်။ ယင်းနောက် ကံမော် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်က ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး  (  မြိတ်  ပြန်/ဆက် )