မြိတ် ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဌ ဖလား ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၁၂)ရက် ညနေပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘတ်စကက်ဘော (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပရာတွင် တော်ဝင်ပုလဲ(က)အသင်းနှင့် တော်ဝင်ပုလဲ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တော်ဝင်ပုလဲ(က)အသင်းက အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ပြိုင်ပွဲတွင်တာဝန်ယူ ဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများ အား အမှတ်တရလက်ဆောင်များ၊ ဒုတိယနှင့် ပထမဆုရရှိသောအသင်းများမှ အားကစားသမားများအား လည်ဆွဲ ဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အကောင်းဆုံး အားကစားသမားဆု နှင့် ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့် ကာယပညာကော်တီဉက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စွာမင်း က ပေးအပ်ချီးမြှင့်ခဲ့သည်။
ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ၌ အလွတ်တန်း(၃)ယောက်တွဲ ပြိုင်ပွဲဝင်အသင်း(၆)သင်း၊ လူသစ်တန်း (၃)ယောက်တွဲ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘတ်စကက်ဘော အားကစားတိုးတက်အောင်မြင်ရေးအတွက် မြိတ်-ထားဝယ် (၅)ယောက်တွဲပြိုင်ပွဲ သရုပ်ပြယှဉ်ပြိုင်ကစားခဲ့ကြ၍ ပြိုင်ပွဲကို ဒီဇင်ဘာ(၁၁)ရက်မှ(၁၂)ရက်ထိ ကျင်းပခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမား(၆၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


