မြိတ် စက်တင်ဘာ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်လာနိုင်မှုများကို လျှော့ချနိုင်ရန် စက်တင်ဘာ ၂၆ ရက်က ကျေးရွာများတွင် ကျေးလက်နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးရှာဖွေဖော်ထုတ်၍ ပိုးတွေ့ရှိသူကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ အချိန်မီလွှဲပို့ပေးခဲ့ကြောင်း သိရသည်။

 

ကျေးရွာများသို့ ကွင်းဆင်း၍ ရောဂါရှာဖွေစစ်ဆေး ဖော်ထုတ်ပေးခြင်းကို သမုတ်ရွာလယ်၊ သမုတ်တိုက် နယ်ဆေးရုံ၊ လိမ်ကယ်ရွာ၊ ရေတံပိုးရွာတို့တွင် ကျေးလက်နေပြည်သူ (၁၃၁) ဦးအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ (၁၄) ဦးအား သမုတ်တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် လွှဲပြောင်းပေးခဲ့၍ အခြားလူနာများအား ဆေးဝါးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အတူ သမုတ်တိုက်နယ်ဆေးရုံ ကိုဗစ်ကုသဆောင်နှင့် ရွာဦးဘုန်းတော်ကြီးကျောင်း ယာယီ isolation center တို့တွင် လိုအပ်သည့် စ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများကို မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (မြိတ်) တို့မှ သမုတ်တိုက်နယ်ဆေးရုံနှင့် သမုတ်ကျေးလက် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

မြိတ်မြို့၌ ဩဂုတ်လအတွင်း ရောဂါကူးစက်မှုများ ဖြစ်ပွား၍ သေဆုံးမှုများ ရှိခဲ့သဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာခဲ့သည်။ ကိုဗစ်တတိယလှိုင်း အရွေ့သည် ကျေးရွာများသို့ လျင်မြန်စွာပြန့်နှံ့ကာ ကူးစက်မှု ရှိနေနိုင်သည့် အခြေအနေများအရ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)  မြန်မာနိုင်ငံကြက်ခြေနီအသင်း (မြိတ်)နှင့် ပရဟိတအဖွဲ့များမှ ကျေးရွာများသို့ ကွင်းဆင်း၍  ကျေးလက်ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး(မြိတ်)