မြိတ် ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လနှောင်းပိုင်းမှ စတင်ကာ ယခုလာမည့် မိုးစပါးရာသီတွင် မိုးစပါးတင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး မျှော်မှန်းကာ သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် အခြေခံကျသည့် မြေဆီလွှာ ဖွံ့ဖြိုးကောင်းမွန်လာစေရေးအတွက် ပိုက်ဆံလျှော်စိုက်ပျိုးကာ သစ်စိမ်းမြေဩဇာ ပြုလုပ်ထည့်သွင်းခြင်း ဆောင်ရွက်ရန် ထယ်ထိုးထွန်မြွေခင်း၊ ပိုက်ဆံလျှော်မျိုး ကြဲစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သစ်စိမ်းမြေဩဇာဆိုသည်မှာ သီးနှံပင်တို့၏ အာဟာရအတွက် သစ်ရွက်စိမ်းပင် ကြီးထွားအဆင့်တွင် ထွန်ဖြင့် မြေထဲသို့ ထိုးမြှပ်ဖုံးအုပ်ပြီး ဆွေးမြေ့သောအခါ ထွန်ဖြင့်ထပ်မွှေ၍ မြေဖုံးအုပ်ပေးခြင်းဖြင့် ရရှိသည့် မြေဩဇာတစ်မျိုးဖြစ်သည်။ သစ်စိမ်းမြေသြဇာ စိုက်ပျိုးထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာခြင်း၊ မြေဆီလွှာ၏ လေဝင်လေထွက်နှင့် ရေထိန်းသိမ်းနိုင်မှု စွမ်းအားကို ပိုမိုကောင်းမွန်လာစေခြင်း၊ မြေဆီလွှာတိုက်စားခံရမှုအား ကြိုတင်ကာကွယ်နိုင်ခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝပိုးများ တိုးပွားလာစေပြီး အပင်လိုအပ်သည့် အာဟာရဓါတ်များ ဖြည့်ဆည်းပေးခြင်း၊ အထူးသဖြင့် အပင်ပိုင်းကြီးထွားမှုကို အားပေးသော နိုင်ထရိုဂျင်ဓါတ်ကို ဖြည့်ဆည်းပေးခြင်း၊ ယခုအချိန်တွင် ပြည်ပမှမှာယူတင်သွင်းနေရသည့် ဓါတ်မြေသြဇာများ ဈေးနှုန်းကြီးမြင့်နေချိန်တွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်းသည် စီးပွားရေးတွက်ချေကိုက်ကာ ရေရှည်တည်တံ့သော အထွက်နှုန်း တိုးတက်မှုကိုရရှိရန် ဆောင်ရွက်သင့်ကြောင်း သိရသည်။
မြိတ်မြို့နယ်အတွင်း မုတ်သုံမိုးမဝင်ရောက်မီ လက်ရှိအချိန်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်မိုးစပါးရာသီတွင် မိုးစပါးအထွက်နှုန်း (၁)ဧက တင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး မျှော်မှန်းကာ စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ၂၀၂၁ ခုနှစ် မိုးစပါးရာသီက ထုတ်လုပ်ထားရှိသည့် မြိတ်မြို့နယ်၏ ရေမြေသဘာဝနှင့် ကိုက်ညီပြီး ဈေးကွက်မှလိုအပ်သည့် မျိုးကောင်းမျိုးသန့်များဖြင့် အစားထိုး ပြောင်းလဲစိုက်ပျိုးခြင်းလုပ်ငန်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့် နွေထယ်ရေးခံခြင်း၊ ထုံး၊ နှုန်းများထည့်ခြင်း၊ အဏုဇီဝရေအား အသုံးပြု၍ မြေဆွေးပုံများထည့်သွင်းခြင်း၊ ပိုက်ဆံလျှော်၊ ပဲမျိုးရင်းဝင် အပင်အမျိုးမျိုးကို အသုံးပြုကာ သစ်စိမ်းမြေဩဇာ ပြုလုပ်ထည့်သွင်းခြင်း၊ သဘာဝစွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းအဖြစ် ကြိုတင်ကင်းထောက်ခြင်းလုပ်ငန်းကို အခြေခံလုပ်ငန်းအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပိုးမွှားရောဂါကျရောက်ပါက ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ စိုက်ပျိုးပညာပေးသင်တန်း ဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ Social media များမှ အစုအဖွဲ့၊ တောင်သူတစ်ဦးချင်းအား စိုက်ပျိုးပညာပေးခြင်း၊ သီးနှံဆိုင်ရာသရုပ်ပြကွက်၊ စမ်းသပ်ကွက်၊ စံပြကွက်များ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာခြင်း၊ မြေဆီလွှာ၏ လေဝင်လေထွက်နှင့် ရေထိန်းသိမ်းနိုင်မှုစွမ်းအားကို ပိုမိုကောင်းမွန်လာစေခြင်း၊ မြေဆီလွှာတိုက်စားခံရမှုအား ကြိုတင်ကာကွယ်နိုင်ခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝပိုးများ တိုးပွားလာစေပြီး အပင်လိုအပ်သည့် အာဟာရဓါတ်များဖြည့်ဆည်းပေးခြင်း၊ အထူးသဖြင့် အပင်ပိုင်းကြီးထွားမှုကို အားပေးသော နိုင်ထရိုဂျင်ဓါတ်ကို ဖြည့်ဆည်းပေးခြင်း၊ ယခုအချိန်တွင် ပြည်ပမှ မှာယူတင်သွင်းနေရသည့် ဓါတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်နေချိန်တွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်းသည် စီးပွားရေးတွက်ချေကိုက်ကာ ရေရှည်တည်တံ့သော အတွက်နှုန်းတိုးတက်မှုကို ရရှိရန် ဆောင်ရွက်သင့်ကြောင်း သိရသည်။
မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်းဆိုင်ရာ စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးသူများ မျက်မြင်တွေ့ရှိ၍ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် မြိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၄)အုပ်စုတွင် ပိုက်ဆံလျှော်အသုံးပြုကာ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း သရုပ်ပြစိုက်ခင်း(၁၃)ဧကကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်သည် တနင်္သာရီတိုင်းဒေသကြီး၏ မြို့နယ်(၁၀)မြို့နယ်အနက် လူဦးရေအများဆုံး မြို့နယ်တစ်ခု၊ မိုးစပါးစိုက်ဧက အများဆုံးမြို့နယ်ဖြစ်ပြီး စီးပွားရေးအခြေခံကောင်းများ ရှိသည့်အတွက် အခြားဒေသမှ ရွှေ့ပြောင်းနေထိုင်သူများကာ ၂ဝ၂၁ ခုနှစ်တွင် လူဦးရေ ၂၉၀၆၇ဝ ဦး နေထိုင်လျက် ဒေသဝမ်းစာ ဖူလုံမူမှာ ၈၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)