မြိတ် ၂၂ အောက်တိုဘာ
ကျေးလက်ဒေသများတွင်ရှိသော စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရသည့် ဒေသခံတောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲးကူးကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ စိုက်ပျိုးရေးအသိပညာပေးစင်တာကို နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ သိရသည်။
"စိုက်ပျိုးရေးအသိပညာပေးစင်တာ (Community Learning Centre)က မြိတ်မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူများ တွေ့ကြုံရင်ဆိုင်နေရတဲ့ မြေချဉ်ပြဿနာများနှင့် အခက်အခဲများ၊ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးခြင်းနည်းစနစ်များ၊ ရော်ဘာအစေးခြစ်ခြင်းနှင့် မှိုင်းခံရော်ဘာထုတ်လုပ်မှုစနစ်များ၊ ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးခြင်းလုပ်ငန်းများ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းများအပြင် သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးခြင်းများ၊ ကော်ဖီ၊ မက္ကာဒေးမီးယားများ စိုက်ပျိုးခြင်း၊ စိုက်ခင်းများတွင် ကျရောက်နေတဲ့ ရောဂါပိုးမွှားကာကွယ်နှိမ်နင်းရသည့် နည်းပညာများ၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူဉီးကြီးများအနေဖြင့် မိမိတို့သိချင် မေးမြန်းချင်တဲ့ အကြောင်းအရာတွေကို စိုက်ပျိုးရေးအတတ်ပညာရှင်များက ပြန်လည်ဖြေကြားပေးတဲ့ စင်တာတစ်ခုဖြစ်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ဒုဉီးစီးမှူး ဒေါ်သန္တာမြင့်က ပြောသည်။
မြိတ်မြို့နယ်တွင် ကျေးရွာအုပ်စု (၂၂)အုပ်စုတွင် ကျေးရွာပေါင်း(၁၆၁)ရွာတို့၌ မိုးစပါးစိုက်ဧက (၄၂၄၉၃)၊ ငရုတ်(၁၅၅)ဧက၊ ဟင်းသီးဟင်းရွက် (၆၉၃)ဧက၊ ဖူးစားပြောင်း(၈၇)ဧက၊ ကန်စွန်းဥ(၈၇)ဧကနှင့် ရော်ဘာစိုက်ဧက(၃၇၀၁၃)ဧက၊ ဆီအုန်းစိုက်ဧက(၅၉၁၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ သိရသည်။
ယင်းစိုက်ပျိုးရေးအသိပညာပေးစင်တာကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်ရှိသည့်အနက် တစ်ခုတည်းသော စိုက်ပျိုးရေးစင်တာကို မြိတ်မြို့နယ်၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာမှ မြို့နယ်ဉီးစီးမှူး ဉီးဝင်းမြတ်စိုးက ပြောသည်။
မြင့်ဉီး(မြိတ်)


