မြိတ် ၁၉ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ရွာတို့တွင် တစ်အိမ်ထောင်သုံးနှင့် အများပြည်သူသုံး ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် NEP စီမံကိန်း ICB 3 ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
တပ်ဆင်ပေးမည့် တစ်အိမ်ထောင်သုံး ဆိုလာစနစ်တွင် (၆၀) ဝပ်နှင့် (၁၀ဝ) ဝပ်အားရှိ ယူနစ်နှစ်မျိုး ပါဝင်ပြီး ဆိုလာမီးလင်းရေး ပစ္စည်းများကို လူနေအိမ်များ မီးလင်းရေးအပြင် ကျေးရွာများရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများနှင့် လမ်းမီးများအတွက်လည်း တပ်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်၌ ကျေးရွာပေါင်း ၃၀ တွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် တပ်ဆင်ပေးသွားမည့် ကျေးရွာအုပ်စု (၁၀) အုပ်စုအတွင်းမှ အိမ်ခြေပေါင်း (၁၅၄၅)၊ ယူနစ်ပေါင်း (၁၅၄၅) ယူနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်သည်။
ထို့အပြင် ၎င်းကျေးများတွင် အများနှင့်သက်ဆိုင်သည့် နေရာများဖြစ်သော အခြေခံပညာ မူလတန်းကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန (၃) ခု၊ ဘာသာရေးအဆောက်အဦ (၁၅) ခုနှင့် ကျေးရွာလမ်းမီးတိုင် (၁၀၅) တိုင်တို့ကိုလည်း အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် (၆၀) ဝပ်အတွက် ငွေကျပ် (၅၀ဝ၀ဝ) ကျပ်နှင့် (၁၀ဝ) ဝပ်အတွက် ငွေကျပ် (၁၅၀ဝ၀ဝ) ကျပ်တို့ကို ကျေးရွာနေသုံးစွဲသူမှ ထည့်ဝင်ရမည်ဖြစ်သည်။ ကျေးရွာနေပြည်သူများက မိမိတို့ဆန္ဒရှိသော ဆိုလာပါဝါအလိုက် ပုံစံ(၂)မျို း ဖြန့်ဝေပေးသွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ NEP စီမံကိန်း ICB-3 တွင် ကျေးရွာနေ ပြည်သူများထံမှ ဆိုလာပုံစံ (၁) ယူလိုသူများမှာ ပထမအရစ်တွင် ငွေကျပ် (၂၅၀ဝ၀)၊ ဒုတိယအရစ်တွင် ငွေကျပ် (၂၅၀ဝ၀) ဖြင စုစုပေါင်းငွေကျပ် (၅၀ဝ၀ဝ)၊ ပုံစံ(၂)ယူလိုသူများမှာ ပထမအရစ်တွင် ငွေကျပ် (၇၅၀ဝ၀)၊ ဒုတိယအရစ်တွင် ငွေကျပ် (၇၅၀ဝ၀)ဖြင့် စုစုပေါင်းငွေကျပ် (၁၅၀ဝ၀ဝ) ထည့်ဝင်ရကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)


