မြိတ် ၂၁ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ထားဝယ် - မြိတ်လမ်းမိုင်တိုင်( ၂၂၁ ဒသမ ၂ )ကီလိုမီတာ အနီးတွင် တည်ဆောက်လျှက်ရှိသော သမုတ်- လွတ် လွတ် မြစ်ကူးတံတားသစ်ကြီး တည်ဆောက်နေမှုမှာ ယခုအခါ ( ၉၄ ) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ် ကြောင်းနှင့် ဇူလိုင်လကုန်တွင် ရာခိုင်နှုန်းပြည့်ပြီးစီး မည်ဖြစ်ကြောင်း အဆိုပါ တံတားတည်ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဉီးထံမှ သိရသည်။
အဆိုပါ သမုတ် - လွတ်လွတ်မြစ်ကူးတံတားသည်မြိတ်မြို့မှ ၁၆ မိုင်အကွာအဝေးတွင် တည်ရှိပြီး မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်၊ထားဝယ်မြို့နယ်များသို့ ဆက်သွယ်သွားလာနိုင်မည် မြစ်ကူးတံတားကြီး တစ်စင်းဖြစ်ကာ ယင်းမြစ်ကူးတံတားသစ်ကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတား ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄) က တာဝန်ယူ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ( ၉၄ ) ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တံတား၏ လက်ရန်း၊ ချဉ်းကပ်လမ်း၊တံတားအချောသတ်ခြင်းလုပ်ငန်းပိုင်း အနည်းငယ်သာ ကျန်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်စိုးထံမှ သိရသည်။
တံတားတည်ဆောက်ရေး စီမံကိန်း၏ ခန့်မှန်းတန်ဖိုးမှာ (ချဉ်းကပ်လမ်းအပါ)ငွေ ကျပ်သန်း ( ၁၁၈၀ဝ ဒသမ ဝ၀ဝ ) ဖြစ်ပြီး၊ ၂၀၁၈ - ၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း( ၆၃၆၆ ဒသမ ၃၉၂ )ဖြင့်လည်းကောင်း၊ ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ်သန်း( ၁၀ဝ၀ ဒသမ ဝ၀ဝ )နှင့် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း( ၄၄၃၃ ဒသမ ၆၀၈ )ဖြင့် လည်းကောင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားသစ်အရှည်ပေ( ၁၂၈၇ )၊ ယာဉ်သွားလမ်း အကျယ် (၂၄ )ပေ၊ လူသွားလမ်း အကျယ် (တစ်ဖက်လျှင်)သုံးပေစီရှိပြီး၊ ရေလမ်းကင်းလွတ် အကျယ်ပေ( ၁၆၄ ) နှင့် ရေလမ်းကင်းလွတ်အမြင့်( ၁၅ )ပေ ဖြစ်သည်။
တံတားအမျိုးအစားမှာ အောက်ခြေအုတ်မြစ်(1.5)mQ ဘိုးပိုင်၊ ကိုယ်ထည်မှာ အာရ်စီကွန်ကရစ်ဖြစ်ပြီး၊ အပေါ် ထည်မှာ PC Girder, Steel Box Girder & RC နှင့် RC Decking တို့ဖြစ်ကာ ယာဉ်နှင့် ကုန် ၇၅ တန် ဖြတ်သန်း သွားလာနိုင်မည်ဖြစ်သည်။
ယခုအခါ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များမှာ ပိုမိုထွန်းကားလာပြီဖြစ်၍ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာ အသုံးပြုနိုင်မည့် ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်အထိရှိသော နှစ်လမ်းသွား သံမဏီ သံဘောင် ( Steel Box Girder)၊ ကွန်ကရစ်ကြမ်းခင်း၊ တံတားဖြစ်ကြောင်း တံတား တည်ဆောက်ရေး အဖွဲ့(၄) တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။
အဆိုပါ သမုတ် - လွတ်လွတ်မြစ်ကူး တံတားသစ်ကြီး ရာနှုန်းပြည့် ပြီးစီးသွားပါက ဒေသအတွင်း သာမက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာ စေမည်အ ပြင် ကုန်စည် စီးဆင်းမှု လျင်မြန်ချောမွေ့စေခြင်းနှင့်အတူ တနင်္သာရီတိုင်းဒေကြီး၊ မွန်ပြည် နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် ပြည်သူများ ရာသီမရွေး၊ နေ့ ည အချိန်အခါမရွေး အဆင်ပြေ လွယ်ကူလျင်မြန် စွာသွားလာနိုင်စေသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


