မြိတ် ၁၃  နိုဝင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီမှ ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲကို မဟာသိဒ္ဓိဇယစေတီတော်တွင် နိုဝင်ဘာလ (၁၂) ရက် တန်ဆောင် မုန်းလပြည့်ကျော် (၁) ရက်နေ့  ညနေ ၅ နာရီခွဲမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်တွင် ဆရာတော် သံဃာတော်များ၊ ဓမ္မစကူးလ် ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများ၊ ဧည့်ပရိသတ်များ၊ ဘုရားဖူးပြည်သူများမှ စေတီတော်ရင်ပြင်၌ ဖယောင်းတိုင် ဆီမီးခွက်များကို ထွန်းညှိကြပြီး မီးခွက်ကိုင်ကာ ဘုရားရှင်အားရည်မှန်း၍ “ အရဟတာဒိ” စသည့် ဆီမီးပူဇော်လင်္ကာရွတ် ဆိုပူဇော်ခဲ့ကြပြီး စုပေါင်းမေတ္တာပို့သကြသည်။

ထို့နောက် တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်းအာရုံပြု၍ မီးပုံးပျံအလုံး (၅၀၀) ကို ဆရာတော် သံဃာတော်များမှ စတင်ကာ ဧည့်ပရိသတ်များ၊ ဘုရားဖူး ပြည်သူများ၊ ဓမ္မစကူးလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက အဖွဲ့အလိုက် စည်ကားသိုက်မြိုက်စွာ လွှတ်တင်ခဲ့ကြသည်။

တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲတွင် စတုဒီတာ ထမင်းကြော်နှင့် အချိုရည် အအေးများကို ပွဲတော်လာရောက်ကြသူများအား ဓမ္မစကူးကော်မတီနှင့် အလှူရှင်များမှ ကျေးမွေးတိုက်ကျွေးခဲ့ကြသည်။  မီးထွန်းပူဇော်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲကို ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ မြိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ် (၅၀)မှ ဓမ္မစကူးလ် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀၀) ကျော်၊ ဖိတ်ကြားထားသူများနှင့် ဘုရားဖူးပြည်သူများမှ စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )