မြိတ် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းကျေးရွာ ရှောင်ကွင်းလမ်း ဘေးရှိ မီးဘေးသင့်ခဲ့သည့် အိမ်မှ အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို သွားရောက် ထောက်ပံ့ကြသည်။
မီးဘေးသင့် အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ တစ်သိန်းကျပ်၊ မီးဘေးသင့်မိသားစု သုံးဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ၆၃၀၀ ကျပ်ကို မြိတ်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးနှင့် တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်သည်။
ထို့အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း ၁၁ မျိုး၊ တစ်ကိုယ်ရေသုံး ပစ္စည်း တစ်စုံ၊ မိသားစုသုံး ပစ္စည်း တစ်စုံတို့ကို မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မီးလောင်ခဲ့သည့် အိမ်မှာ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း ခြေတံရှည်အိမ် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)