မြိတ် နိုဝင်ဘာ ၁၃
ဆည်ရေသောက်ဧရိယာ မရှိသည့်အတွက် မိုးရာသီအချိန်အခါတွင် သဘာဝမိုးရေကိုသာ အဓိကအားထားကာ စိုက်ပျိုးနေရသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၌ ယခင်နှစ်ကထက် ယခုနှစ် စပါးပေါ်ချိန်တွင် ဒေသခံတောင်သူများ အဆင်ပြေစေရန်အတွက် စပါးအစိုတင်း (၁၀၀) ကို ငွေကျပ် (၁၂) သိန်းဈေးပေးကာ ဝယ်ယူသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ဆန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးထွေးဝေထံမှ သိရသည်။
၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေးစပါးတို့အတွက် စပါးအစိုတင်း (၁၀၀) ကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းမှာ ငွေကျပ် (၆၃၀၀၀၀) သတ်မှတ်ထားကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
“ဒီဒေသက တောင်သူတွေ မိုးစပါးစိုက်ပျိုးနိုင်ဖို့အတွက် မျိုးစပါးတွေကို ဦးမောင်ထွေး (ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ) က ထုတ်ပေးထားတော့ ကျွန်တော်တို့အထွက် မျိုးကောင်းမျိုးသန့် စပါးမျိုးတွေ စိုက်ပျိုးလာနိုင်ပါတယ်။ တမံတွေကိုလည်း အစိုးရကနေ ပြန်လည်ပြုပြင်ပေးထားတော့ စပါးစိုက်နိုင်တဲ့ စိုက်ကွင်းတွေ ပိုပြီးပေါ်လာတယ်။ ယခင်နှစ်ကထက် ဒီနှစ်မှာ စပါးအထွက်နှုန်း တိုးလာပါတယ်။ တစ်ဧကကို စပါးတင်း (၁၀၀) ခန့်အထိ ထွက်နိုင်ပါတယ်။ စိုက်ပျိုးစရိတ်ကြီးပေမယ့်၊ စပါးအစိုတင်း (၁၀၀) ကို ငွေကျပ် (၁၂) သိန်း၊ ဒီဈေးနှုန်းပေးမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တွက်ခြေကိုက်ပါတယ်” ဟု မြိတ်မြို့နယ်၊ ၀န်ဖို့ကျေးရွာမှ ဒေသခံတောင်သူ ဦးတင်ဝင်းက ပြောသည်။
မြိတ်မြို့နယ်တွင် စပါးဖူလုံမှု မရှိသည့်အပြင် လယ်ယာမြေများ စိုက်ပျိုးမှု လျော့ပါးလာခြင်း၊ ရေငန်ဝင်ရောက်ခြင်း၊ လယ်ယာလုပ်သားရှားပါးမှု၊ အချိန်မီ စပါးစိုက်ပျိုးထွန်ယက်ရန်နှင့် စပါးပေါ်ချိန်များ၌ ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုမရှိခြင်း၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများကြောင့် ဒေသခံ တောင်သူများအနေဖြင့် အကျိုးအမြတ်မရရှိခြင်းတို့ကြောင့် တောင်သူများ မိုးစပါးစိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေစဉ် ဆန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးထွေးဝေနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် သက်သာသောနှုန်းထားဖြင့် ထွန်းယက်ပေးခြင်း၊ အထွက်ကောင်း မျိုးစပါးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်စပါးပေါ်ချိန်တွင် မြိတ်ဒေသတောင်သူများ အဆင်ပြေစေရန်အတွက် ဈေးကောင်းပေးကာ စတင်ဝယ်ယူခြင်းဖြစ်ပြီး စပါးအခြောက်ဖြစ်ပါက ဈေးနှုန်းပိုမိုတိုးမြှင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြိတ်မြို့နယ်မှာ လက်ရှိစပါးအစို တင်း (၁၀၀) ကို ငွေကျပ် (၁၂) သိန်းနဲ့ စတင် ဝယ်ယူနေပါတယ်။ ဒေသခံတောင်သူတွေမှာက စိုက်ပျိုးစရိတ်ကြီးတာ တွေ့ကြုံတွေ့ခဲ့ရပါတယ်။ စပါးက ယခုထွက်ခါစဆိုတော့ အစိုဓာတ်များနေပါတယ်။ ကျွန်တော်တို့မှာ အခြောက်ခံရတာတွေ၊ အလုပ်သမားစရိတ်တွေ နည်းနည်းကုန်ကျနိုင်လို့ ယခုလက်ရှိ ငွေကျပ် (၁၂)သိန်း ပေးထားပါတယ်။ အခြောက်မှန်လာရင် လက်ရှိဈေးနှုန်းထက် ပိုမိုပြီးဝယ်ယူပေးမှာပါ၊ ဒီနှစ် မြိတ်မြို့နယ်မှာ စပါးအထွက်နှုန်း နည်းနည်းတိုးတက်လာတယ်။ တစ်ဧကကို စပါးတင်း (၁၀၀) ခန့်လောက်အထိ ထွက်အောင် စိုက်ပျိုးလာနိုင်ကြပါတယ်။ ဒီကတောင်သူတွေကို ကျွန်တော်လည်း ဆင်းသုခစပါးမျိုးတွေ ထုတ်ပေးပြီး တောင်သူတွေ အဆင်ပြေအောင် ထွန်စက်တွေနှင့် ထွန်ယက်ပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု မြိတ်ခရိုင် ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွေးဝေ(ဦးမောင်ထွေး)မှ ပြောသည်။
မြိတ်မြို့နယ်တွင် ကလွင်ကျေးရွာအုပ်စု၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပသောင်းကျေးရွာအုပ်စု၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာအုပ်စုနှင့် ကျောက်ဖျာကျေးရွာ အုပ်စုတို့တွင် စပါးအထွက်ကောင်းသော ကျေးရွာအုပ်စုများဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ သစ်ယာဝကျေးရွာမှာ လုပ်ငန်းရှင်တွေက လယ်ဧက (၆၀၀) ကျော်လောက်ကို ၀ယ်ယူပြီးတော့ ဒီအတိုင်းပစ်ထားတာ ခံနေရတယ်။ တောင်သူတွေ လယ်ယာကွက် ရောင်းတယ်ဆိုတာကလည်း အရှေ့မှာရှိနေတဲ့ လယ်ယာတွေကို လယ်ပျက်ဖြစ်သွားအောင် ပစ်ထားကြတယ်။ တမံတွေကလည်း ကျိုးနေတာတွေကကြာလာတော့ စပါးစိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုပဲ အနီးနားက ကျေးရွာတစ်ချို့မှာလည်း ဒီလိုပဲဝယ်ယူပြီး လယ်ယာတွေပစ်ထားကြတာ ဧက (၃၀၀) ကျော်လောက် ရှိပါတယ်။ လာမယ့်စပါးစိုက်ချိန်အမီ တမံတွေ ပြန်ဆယ်ပေးမယ်လို့တော့ သက်ဆိုင်ရာ ဌာနတွေကတော့ ပြောထားပါတယ်။ စပါးအထွက်နှုန်းနဲ့ လက်ရှိပေးမယ့် ဈေးအရဆိုရင်တော့ တောင်သူတွေအတွက် တွက်ခြေကိုက်ပါတယ်” ဟု မြိတ်မြို့နယ် သစ်ယာဝ ကျေးရွာမှ တောင်သူ ဦးမြညွန့်မှ ပြောသည်။
မြိတ်ခရိုင်တွင် စပါးစိုက်ဧက စုစုပေါင်းဧက (၁၂၅၀၀၀) ခန့်ရှိပြီး မိုးစပါးအနေဖြင့် (၁၁၀၀၀၀) ကျော်ခန့်နှင့် နွေစပါး (၇၀၀၀) ကျော်ခန့် စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၄၂၄၇၆)နှင့် နွေစပါးစိုက်ဧက (၆၂)ဧကရှိကာ ယခုနှစ်တွင် နွေစပါး (၈၅) ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး မြိတ်မြို့နယ်တွင် ဒေသဝမ်းစာဖူလုံမှုမှာ (၇၁ ဒသမ ၀၆) ရာခိုင်နှုန်းခန့်ရှိကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)