မြိတ် အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယခုနှစ် ရော်ဘာလုပ်ငန်းများစတင်ချိန် ရာသီအဖွင့်တွင် ယခင်နှစ်ကထက်ပို၍ ရော်ဘာဈေးနှုန်းများကောင်းနေကြောင်း မြိတ်မြို့နယ်အတွင်းရှိ ရော်ဘာ ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။
“ဒီနှစ် ရော်ဘာဈေးကတော့ လုပ်ငန်းစတင်ချိန် ရာသီအဖွင့်မှာတင် ဈေးပိုကောင်းနေတယ်။ အခု လက်ရှိရော်ဘာအစေးရည်နှင့် ရော်ဘာမှိုင်းခံအပြားတစ်ပိဿာကို ငွေ ကျပ် ၃၇၀၀ ဈေးပေါက်နေတယ်။ မနှစ်က ရော်ဘာလုပ်ငန်းရာသီအစနှင့် ရာသီနှောင်းပိုင်းတွေမှာပါ ဒီလောက်ဈေးမကောင်းဘူး။ ယခုရော်ဘာ ဈေးနှုန်းလောက်ဆို မဆိုးဘူး။ ကျွန်တော်တို့ ရော်ဘော်ထုတ်လုပ်ရောင်းချသူ ခြံရှင်တွေအတွက်ကတော့ ဈေးနှုန်းကောင်းရရှိဖို့ပဲ့မျှော်လင့်နေရတာပါ။ ဒါမှလည်း အဆင်ပြေကြမှာပါ” ဟု သဘွတ်ကျေးရွာမှ ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချနေသူ ကိုချစ်ကိုကိုက ပြောသည်။
ယခုလက်ရှိတွင် ရော်ဘာမှိုင်းခံအပြားအဆင့်(၃) တစ်ပိဿာကို ငွေကျပ်(၃၇၀၀) ၊ ရော်ဘာနေလှန်း အပြား တစ်ပိဿာကို ငွေကျပ်(၃၇၀၀) ၊ ရော်ဘာအစေးရည် DRC(၁၀၀)ရာခိုင်နှုန်းတစ်ပိ ဿာ ကို ငွေကျပ်(၃၇၀၀)၊ ရော်ဘာစေရည် ခွက်လုံး၊ ခွက်ခဲ (အသန်.) DRC( ၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကိုငွေ(၃၇၀၀)ကျပ်၊ ရော်ဘာစေးရည်ခွက်လုံး၊ ခွက်ခဲ DRC (၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကို ငွေကျပ် (၃၇၅၀)၊ ရော်ဘာအစေးခဲ၊ အစေးရည်ခဲ DRC(၁၀၀)ရာခိုင်နှုန်း တစ်ပိဿာလျှင် ငွေကျပ်(၃၇၀၀)နှင့် ရော်ဘာဆွဲဖတ် ၊ခွက်ကပ်၊ ဂေါ်လီချေး (အခြောက်) တစ်ပိဿာကိုငွေကျပ် (၁၆၀၀) တို့ဖြင့် အစားစား ဈေးပေါက်နေပြီး ယခင်နှစ်က ရော်ဘာမှိုင်းခံအဆင့်(၃) တစ်ပိဿာကို ငွေကျပ် (၃၀၀၀)၊ ရော်ဘာအစေးရည် DRC(၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကို ငွေကျပ် (၃၀၀၀)၊ ခွက်လုံး၊ ခွက်ခဲ (အသန်.) DRC( ၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကို ငွေကျပ်(၂၈၀၀)၊ ခွက်လုံး၊ ခွက်ခဲ DRC(၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကို ငွေကျပ်(၂၇၅၀)၊ အစေးခဲ/အစေးရည်ခဲ DRC (၁၀၀)ရာခိုင်နှုန်း တစ်ပိဿာကို ငွေကျပ် (၂၆၅၀)နှင့်ဆွဲဖတ်၊ ခွက်ကပ်၊ ဂေါ်လီချေး(အခြော က်)တစ်ပိဿာ လျှင်ငွေ(၁၃၀၀)ကျပ်သာရရှိသဖြင့် ယခုနှစ်ရော်ဘာဈေးနှုန်းက ပိုမိုကောင်းလျက်ရှိကြောင်း သိရသည်။
မြိတ်ဒေသတွင်ရော်ဘာခြံပိုင်ရှင်များသည် ရော်ဘာလုပ်ငန်းများကိုအများအားဖြင့် စက်တင်ဘာလ အစပိုင်းလောက်ကတည်းက လုပ်ငန်းစတင်ကြပြီး မေလကုန်ပိုင်းလောက်အထိ ရော်ဘာအစေးခြစ် (အစေးလှီး)ခြင်း၊ အစေးခံခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ကြကာ ရော်ဘာအစေးရည်များကို အစေးရည် သီးသန့်အဖြစ် ရောင်းချသူများနှင့် ရော်ဘာအပြား၊ ရော်ဘာအစေးခဲ စသဖြင့် အမျိုးမျိုး ထုတ်လုပ်ရောင်းချကြပြီး မြိတ်မြို့နယ်အတွင်းရှိ ရော်ဘာရောင်းဝယ်ရေးကုမ္ပဏီများနှင့် ပုလောမြို့နယ်တို့မှ ရော်ဘာအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း ရော်ဘာထုတ်လုပ်ရောင်းချသူ ခြံပိုင်ရှင်များထံမှ သိရသည်။
" အခုကမိုးကောင်းနေလို့ ရော်ဘာလုပ်ငန်းရှင်အများက ခဏရပ်နေရပြီး တချို့မိုးကာစနစ်ဖြင့် အသုံးပြုနေတဲ့ လုပ်ငန်းရှင်တချို့သာ လက်ရှိထုတ်လုပ်ရောင်းချနေရပါတယ်" ဟု သဘွတ်ကျေးရွာမ ခြံငယ်ပိုင်ရှင် ကိုဝင်းလှက ပြောသည်။
မြိတ်မြို့နယ်အတွင်း၌ ရော်ဘာစိုက်ပျိုးသည့် ကျေးရွာများမှာ စန္ဒဝတ်၊ ရွှေဒူး၊ သာရမဲ၊ မဇော၊ ခုံမော်၊ ဇဝဲငယ်၊ တုံဗျောကြီး၊ တုံဗျောငယ်၊ ပပြင်၊ အလယ်ချောင်း၊ ကျောက်ဖြူ၊ ဒွန်း၊ သ မုတ်၊ လော့လော့၊ ကဘင်း၊ သဘွတ်၊ ဝန်မယ်၊ ပင်းအို၊ လက်ခုတ်တောင်၊ ငါးအင်း၊ ပသွေး၊ ပတောက်၊ ပနို၊ နန်းတော်ရာ၊ ဆလင်၊ တပ်တောင်၊ ပဆွတ်၊ မရမ်းပင်ချောင်းစသည့် ကျေးရွာများတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)