မြိတ် မတ် ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးခဲ့သည့် ကျေးရွာအဝင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းလုပ်ငန်းများကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လွတ်ကျေးရွာအဝင်လမ်း အရှည်(၀/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ် လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ စလွန်း-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည် (၀/၄)မိုင်၊ အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စု ပြင်/ထိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော မရင်းငယ်ဖျား-ရွှေဒူး ပြည်ထောင်စုလမ်း အနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်နှင့် ပြုပြင် ရန်လိုအပ်လျက်ရှိသော (၅x၅x၂၄) ပေ Box Culvert များနှင့် စလွန်း-ရှမ်းတောင် ကျေးရွာချင်းဆက်လမ်း (၀/၆)မိုင် ကွန်ကရစ်လမ်းသစ်ခင်းရန် လုပ်ငန်းလျာထားဆောင်ရွက်ခြင်းကို မြိတ်မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)က လိုက်လံရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)