မြိတ်   ဩဂုတ်   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး ရန်ပုံငွေ ကျပ်သန်း(၁၀၀)ကျော်ဖြင့်  ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ် လမ်း၊ ကွန်ကရစ်တံတားနှင့် Box Culvert များ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေးထုတ်ကုန်များ ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ထွက်ကုန်များကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ ကုန်ထုတ်လမ်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၌ မြိတ်မြို့နယ်တွင် သဗျာကျေးရွာ ကုန်ထုတ်လမ်းနှင့် လွတ်လွတ်ကျေးရွာ ကုန်ထုတ်လမ်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 သဗျာကျေးရွာ၌ ကုန်ထုတ်လမ်းတွင် ကုန်ထုတ်(ဂဝံမြေသား)လမ်းအပိုင်း(၁) အရှည်(၁)မိုင်ခန့်နှင့် ကုန် ထုတ်လမ်းပေါ်ရှိ အကျယ်(၁၈)ပေ၊ အလျား(၄)ပေ(၉)လက်မ၊ အမြင့်(၄)ပေ(၉)လက်မ ရှိသည့် Box Culvert သုံးခု တို့ကို  ဘဏ္ဍာရန်ပုံငွေ ကျပ်(၅၉.၅၁၉)သန်းဖြင့်လည်းကောင်း၊ လွတ်လွတ်ကျေးရွာ ကုန်ထုတ် (ဂဝံမြေသား)လမ်း အပိုင်း(၃) အရှည်(၀/၅)ဖာလုံခန့်နှင့် ကုန်ထုတ်လမ်းဟောင်းပေါ်ရှိ အလျား(၁၀)ပေ ၊ အကျယ်(၁၄)ပေ၊ အမြင့်(၈) ပေ ကွန်ကရစ်တံတားနှင့် ကုန်ထုတ်လမ်းဟောင်းပေါ်ရှိ အကျယ်(၁၈)ပေ၊ အလျား(၄)ပေ (၉)လက်မ၊ အမြင့်(၄)ပေ (၉)လက်မရှိသည့် Box Culvert နှစ်ခုတို့ကို ဘဏ္ဍာရန်ပုံငွေ ကျပ်(၄၆.၉၃၇)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ဆောင်ရွက်ခဲ့သည့်  ကုန်ထုတ်လမ်းနှင့် တံတားများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ သဗျာ ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းဖြင့် စပါးစိုက်ဧက(၃၀၀)ခန့်အားလည်းကောင်း၊ လွတ်လွတ်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းဖြင့် စပါးစိုက်ဧက(၃၀)၊ ရာဘာနှင့်ကွမ်းသီးခြံဧက (၃၀၀) ခန့်မှ စိုက်ပျိုးရေး ထုတ်ကုန်များကို ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)