မြိတ်မြို့နယ်ရှိ ကျေးရွာများမှ ထွက်ရှိသော ကွမ်းသီး‌‌များ ဈေးကောင်းရရှိနေ

မြိတ်   အောက်တိုဘာ   ၂၅

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ ကျေးရွာများမှ ကွမ်းသီးမည့်များ စတင်ထွက်ပေါ်လျက်ရှိရာ ယခင်နှစ်ထက် ကွမ်းသီး‌‌အလုံးခြောက် ဈေးနှုန်း‌များ ပိုမိုကောင်းနေကြောင်း ကွမ်းသီးစိုက် တောင်သူများနှင့် ကွမ်းသီးအ‌ရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။

 

လက်ရှိတွင် ကွမ်းသီး‌‌ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှင့် ၆၅၀၀ လောက်အထိ ဈေးရနေပြီး ယခင်နှစ် သိုလှောင်ထားသည့် ကွမ်းသီးအလုံးခြောက်များမှာ ဈေးနှုန်းပိုကောင်းလျက်ရှိရာ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ ကျော်အထိ ဈေးရရှိနေသည်။ ယခင်နှစ် ကွမ်းသီး ရာသီပေါ်ချိန် အစပိုင်းလောက်က အလုံးခြောက် တစ်ပိဿာကို ငွေကျပ် ၃၀၀၀၊ ၄၀၀၀ လောက်နှင့် ရောင်းချခဲ့ရပြီး ရာသီနှောင်းပိုင်း အထွက်နည်းသည့် ကာလမျိုးရောက်မှသာ ကွမ်းသီးဈေးတွေ ကောင်းလာကြသဖြင့် ယခင်နှစ်ရာသီထက် ယခုနှစ် ကွမ်းသီး‌ဈေး ပိုကောင်းလျက်ရှိကြောင်း သိရသည်။

 

မြိတ်မြို့နယ်တွင် ကွမ်းသီးပင် အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ စန္ဒဝတ်၊ ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ကျောက်ဖြူ၊ မရမ်းပင်ချောင်း၊ သမုတ်၊ ပင်းအို၊ ငါအင်း၊ လော့လော့၊ နန်းတော်ရာ၊ တုန်း‌ဗျော၊ ခုန်မော်၊ မဇော၊ သကန်(ရွာဟောင်း)၊ မရင်း၊ တပ်တောင် တို့ဖြစ်ပြီး ကွမ်းသီးအလုံးခြောက်များကို မြို့ပေါ်ရှိ အဝယ်ဒိုင်ကြီးများနှင့် ပုလောမြို့၊ ထားဝယ်မြို့တို့ရှိ ကွမ်းသီးအဝယ်ဒိုင်ကြီးများသို့ တင်ပို့ရောင်းချကြသည့်အပြင် မော်လမြိုင်၊ ရန်ကုန်၊ တောင်ကြီးမြို့တို့မှလည်း ဝယ်ယူမှုများရှိသည်။

 

ကွမ်းသီးပင်များကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးသော်လည်း တောင်ငူကွမ်းသီးနှင့် မြိတ်ကွမ်းသီးတို့မှာ လူကြိုက်များ ထင်ရှားသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကွမ်းသီးပင် စိုက်ပျိုးမှုမှာ တနင်္သာရီမြို့နယ်တွင် ၂၀၄၈၃ ဧက၊ ကျွန်းစုမြို့နယ်တွင် ၅၅၇၂ ဧက၊ မြိတ်မြို့နယ်တွင် ၄၅၂၃ ဧက၊ ပုလောမြို့နယ်တွင် ၁၁၀၉၀ ဧက စုစုပေါင်း ကွမ်းသီးစိုက်ဧကပေါင်း ၄၁၆၆၈ ရှိပြီး ကွမ်းသီး ထွက်ရှိမှုမှာ ၁၂၆၄၉၁၁၃ ပိဿာခန့်ရှိကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

မြင့်ဦး(မြိတ်)