မြိတ် ၁၇ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဇွန်လ (၁၆)ရက်တွင် စလွန်းကျေးရွာအုပ်စုနှင့် ကဟန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် စလွန်းကျေးရွာတွင် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ကဟန်းကျေးရွာအုပ်စုတွင် တောင်ဖီလာရွာ အောင်ရတနာဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ဒေသခံများအားတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီး ဒေါ်ရီရီချို က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြပေးနိုင်ရေးနှင့် အစိုးရအဖွဲ့မှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး က လွှတ်တော်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများဆွေးနွေးပေးနိုင်ရေး ပြောကြားသည်။ ဆက်လက်၍ စလွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက စလွန်းကျေးရွာ ရွာတွင်းလမ်း၊ ကျေးရွာချင်းဆက် လမ်းနှင့် တံတား အဆင့်မြှင့်တင်ပေးရေး၊ ကျေးရွာဆေးပေးခန်းရရှိရေး၊ ကျေးရွာရေလုံလောက်စွာ ရရှိရေးအတွက် အဝီစိတွင်းတစ်တွင်း ထပ်မံတူးဖော်ပေးရေး ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့အတူ ကဟန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများမှ စာသင်ကျောင်း ကျောင်းဆောင်လိုအပ်မှု၊ ကျေးရွာရေရရှိရေး၊ ကျေးရွာချင်းဆက်လမ်းနှင့်ရွာတွင်းလမ်း လမ်းအဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးစပါးများ ရေနစ်မြုပ်မှုမဖြစ်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးနိုင်ရေး တင်ပြကြသည်။ ဒေသခံပြည်သူများ တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာတွင်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနေမှု၊ လုပ်ငန်းလျာထားမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပြည်သူပူးပေါင်းဆောင်ရွက်ပေးရေးရှင်းလင်းပြောကြားခဲ့ကြပြီး ဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းသန်း-မောင်းလှော် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ခန့်မှန်းရန်ပုံငွေ (၁၃ ဒသမ ၆၅) ဘီလီယံဖြင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော တနင်္သာရီမြစ်ကူး(မင်းသန်း-မောင်းလှော်) တံတားတည်ဆောက်ရေး စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းသန်း-မောင်းလှော်တံတားသည် မြိတ်မြို့နယ် မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော် ကျေးရွာကို ဆက်သွယ်ထားသော တံတားဖြစ်ပြီး တံတားအရှည် (၂၁၀ဝ) ပေ၊ အကျယ်(၂၄)ပေ ရှိကာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(မြိတ်ပြန်/ဆက်)