မြိတ် ၅ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာ ၅ ရက် နံနက်ပိုင်း၌ တညက်ကျေးရွာအုပ်စု စားမြိန်တောင်ရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာ၌ ဝန်ကြီး ဒေါ်ရီရီချိုက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ထိုနောက် ဒေသခံပြည်သူများမှ ရေဆင်းတံတားအဆင်းလမ်း၊ မြစ်ကူးတံတားနှင့် ကျေးရွာချင်းဆက်လမ်း အဆင့်မြင့်တင်ပေးရေး၊ သောက်သုံးရေရရှိရေး၊ ကျောင်းဆောင်သစ်လိုအပ်ချက်၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းဆောက်လုပ်ပေးရေး စသော ကျေးရွာလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်း၌ ဝန်ကြီးနှင့်အဖွဲ့သည် မြိတ်တောင်ကျေးရွာ အဝေးပြေးကားဝင်းသစ် ခရီးသည်နားနေဆောင်တွင် ဒေသခံပြည်သူများအားတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြရာ ဒေသခံများက ငါးလေလံဈေး ပြန်လည်ဖော်ဆောင်ရေး၊ စာသင်ကျောင်းဆောင်များ တိုးချဲ့ဆောက်လုပ်ပေးရေး၊ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရေး၊ လျှပ်စစ်မီတာခ ဈေးနှုန်းသက်သာစွာရရှိရေး၊ ကလေးသူငယ်လုပ်သား မရှိစေရေးအတွက် စိစစ်ပေးရန်၊ မူးယစ်ဆေးဝါးလျော့နည်း ကျဆင်းရေးအတွက် ဒေသခံပြည်သူ ပူးပေါင်းပါဝင်ရေး လမ်းညွှန်မှုပေးရန် စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ဒေသခံပြည်သူများ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ကြီးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


