မြိတ် ၁၂ ဧပြီ
ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စု (၂၃၉၇၉) စုအတွက် ထောက်ပံ့ကူညီမှု (၅) မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များကို ဧပြီ (၁၁) ရက်မှ စတင်၍ ဖြန့်ဖြူး ထောက်ပံ့ပေးလျက်ရှိသည်။
“ မြိတ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စုရှိပါတယ်။ ရပ်ကွက်/ ကျေးရွာ အုပ်စု (၃၄) ခုကို အချိန်နဲ့တစ်ပြေးညီ အမြန်ဆုံးဖြန့်ဖြူးနိုင်ရေးအတွက် အဖွဲ့လေးဖွဲ့ ဖွဲ့ထားပြီး အဖွဲ့အလိုက် မော်တော်ယာဉ်၊ လှေတို့ဖြင့် ဖြန့်ဖြူးလျက်ရှိပါတယ်။ ထောက်ပံ့ကူညီမှု (၅) မျိုးအနက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေကို ထုတ်ပိုး၊ သယ်ယူ၊ ပို့ဆောင် ဖြန့်ဖြူးပေးနေပြီး ပဲက ဧပြီ (၁၅) ရက်မှ ကုန်စည်ရောက်မှာ ဖြစ်ပါတယ်။ ရောက်တာနဲ့အချိန်နဲ့ တစ်ပြေးညီ ဖြန့်ဖြူးထောက်ပံ့သွားမှာဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က ပြောသည်။
မြိတ်မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စု (၂၃၉၇၉) စုအတွက် ထောက်ပံ့ကူညီမှုများကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်း (၄) ကြောင်းဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေး ကော်မတီ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ များဖြင့် ပေါင်းစပ်၍ ပြည်သူလူထုလက်ထဲသို့ တိုက်ရိုက်အမြန်ဆုံး ရောက်ရှိနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိသည်။
မဟာသင်္ကြန်ရုံးပိတ်ရက် ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ စသော ထောက်ပံ့ ကူညီမှု (၅) မျိုးကို ထောက်ပံ့ပေးမည်ဖြစ်ရာ မြိတ်မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၃၉၇၉) စုအတွက် ဖြန့်ဖြူးထောက်ပံ့ပေးလျက်ရှိသည်။ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များအား နိုင်ငံတော်၏ ထောက်ပံ့ကူညီမှုများကို မော်တော်ကား၊ စက်လှေများဖြင့် စနစ်တကျ ဖြန့်ဖြူးထောက်ပံ့လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် - ပြန်/ဆက် )


