မြိတ်    အောက်တိုဘာ    ၁၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု ပရည်တောင်ကျေးရွာတွင် နေအိမ်တစ်လုံးသည်  မီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မီးဘေးသင့်မိသားစု စုစုပေါင်း (၅)ဦး အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ်(၁၀၅၀၀)ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ရုံးမှ   တာဝန်ရှိသူများက  သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

 

မီးလောင်ခဲ့သည့်နေအိမ်သည် ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း ခြေတံရှည် နေအိမ် ဖြစ်၍ အောက်တိုဘာလ (၉)ရက်တွင် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်မိသားစုသည် ၄င်းတို့၏ ဆွေမျိုးနေအိမ်တွင် သွားရောက် နေထိုင်လျက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး ( မြိတ် )