မြိတ် ၂၅ နိုဝင်ဘာ
၂၀၁၉ခုနှစ် မိုးရာသီတွင် မြိတ်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးထားသည့် စပါးစိုက်ဧက(၁၃၃) ဧကအတွက် နိုင်ငံတော်၏သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေမှ လယ်တစ်ဧက တစ်သောင်းကျပ်နှုန်းဖြင့် ထောက် ပံ့ငွေများကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျွဲကူးကျေးရွာ စိုက်ပျိုးရေးအသိပညာပေး စင်တာတွင် တောင်သူများအား ပေးအပ်ခဲ့သည်။
“ ၂၀၁၉ခုနှစ် မိုးရာသီတွင် တနင်္သာရီတိုင်းဒေသကြီးတွင် လယ်ဧက ၆၀၀၀ ကျော်၊ မြိတ်ခရိုင်တွင် လယ်ဧက ၄၀၀၀ ကျော်၊ မြိတ်မြို့နယ်တွင်လယ်ဧက(၁၃၃)ဧက ထိခိုက်ပျက်စီးသွားတဲ့အတွက် ထိခိုက်သွားတာတွေကို ထောက်ပံ့ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ မိုးရာသီဆိုရင် ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်တွေရှိတော့ တောင်သူတွေ ပြန်လည်ပြီး အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်အောင်မျိုးစပါးတွေ ပံ့ပိုးပေးတယ်။ မိုးစပါးမရှိတော့ တခြားမှ မျိုးစပါးဝယ်ပြီး စိုက်လိုက်တော့ နိုင်ငံတော် သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေမှ လယ်တစ်ဧကကို တစ်သောင်းနှုန်း ပြန်လည်ထောက်ပံ့ပေးတာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော် က ပြောသည်။
ရေကြီးနစ်မြှုပ်လယ်(၁၃၃)ဧကအတွက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသော လယ်ဧကများအတွက် ကျေးရွာအလိုက် ထောက်ပံ့ငွေများကို ၀န်ကြီး ဒေါ်ရီရီချို နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တောင်သူများက လယ်ဧကများရှိ ရေနုတ်မြောင်းများ၊ ချောင်းများ ရေစီးရေလာကောင်းမွန်စေရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
“ အခုချိန်မှာ ရာသီဥတုက နှစ်တိုင်းနှစ်တိုင်း ဖောက်ပြန်တာဖြစ်တဲ့အတွက် တစ်ခါတစ်ရံ မိုးကအဆ မတန်များတဲ့အခါများတတ်တယ်။ ဒီအချိန်မှာဆိုလယ်ကွင်းတွေမှာရှိကြတဲ့ မြောင်းတွေ၊ ချောင်းတွေ ရေစီး ရေလာကောင်းအောင် ပြန်လည်တူးဖော်ပြီး အားလုံးအဆင်ပြေအောင်လုပ်မယ်ဆိုရင် တောင်သူတွေ ရေကြီးနစ်မြှုပ်မှု စပါးပျက်စီးမှုအန္တရာယ်မှ အထိုက်အလျောက် သက်သာမယ်။ အဓိကကတော့ တောင်သူတွေအပိုင်းကရော၊ ဌာနအပိုင်းရော၊ အစိုးရအပိုင်းရော အကုန်လုံးလက်တွဲညီညီဖြေရှင်းရင် အထိုက်အလျှောက် ပျက်စီးမှုအန္တရာယ် လျှော့နည်းလာမယ်လို့ မျှော်မှန်းပါတယ်” ဟု တုံးဗျောကြီးကျေးရွာမှ တောင်သူ ဦးအောင်မြတ်သူ က ဆိုသည်။
မြိတ်မြို့နယ်တွင် မိုးစပါးစိုက် လယ်ဧက(၄၂၆၉၃)ဧကရှိပြီး တောင်သူများက အရည်အသွေးကောင်း စပါးမျိုး(၃)မျိုး၊ အထွက်ကောင်း စပါးမျိုး(၉)မျိုး၊ အခြားအထွက်ကောင်းမျိုး(၁)မျိုး၊ ဒေသမျိုးများဖြင့် စိုက်ပျိုးကြကြောင်း၊ စပါးထွက်နှုန်းအနေဖြင့် ယခင်နှစ်က မြိတ်မြို့နယ်တွင် တစ်ဧကထွက်နှုန်းအနေဖြင့် တင်း(၇၀) ၀န်းကျင်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


