မြိတ် ၁ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု ချောင်းဝပြင်ကျေးရွာတွင် ဇူလိုင်လ (၃၁) ရက် ညနေ(၄:၃၀)ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ရာ ၄င်းအိမ်များတွင် နေထိုင်ကြသူများမှ နီးစပ်ရာဆွေမျိုးများထံတွင် သွားရောက်နေထိုင်လျက်ရှိကြကြောင်း တုံးဗျောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူ ထံမှ သိရသည်။

 

14

 

လေဘေးသင့်ခဲ့ရ၍ နေအိမ်ပြိုကျ ပျက်စီးခဲ့သော အိမ်ထောင်စုများအား သြဂုတ်လ(၁)ရက် နံနက်(၁၁) နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

16

 

လေဘေးသင့်၍ နေအိမ်ပြိုကျခဲ့သော အိမ်(၃)လုံးအတွက် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်စီ၊ လူစုစုပေါင်း(၉)ဦးအတွက် ဆန်ဖိုး(၁၈၉၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁၁)မျိုး၊ တာပေါ်လင်(၂)စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

17

 

ထို့အတူ အမိုးလန်ပျက်စီးသည့်နေအိမ်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ သည့် အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းနှင့် လူ(၇)ဦးအတွက် ဆန်ဖိုး(၁၄၇၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ တာပေါ်လင်(၂)ပိုင်းတို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )